မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံခေါင်းဆောင်တွေ ပြစ်တင်စကားပြော

ရဲခေါင်မြင့်မောင် ( ဝါရှင်တန်ဒီစီ)
2021.10.26
မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံခေါင်းဆောင်တွေ ပြစ်တင်စကားပြော ၃၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို ၂၀၂၁ အောက်တိုဘာ ၂၆ ရက်နေ့က အွန်လိုင်းဗီဒီယိုစနစ်ဖြင့် ကျင်းပစဉ်။
Photo: AFP

အောက်တိုဘာလ၂၆ ရက်နေ့က စတင်တဲ့ အာဆီယံထိပ်သီးညီလာခံမှာ မြန်မာမပါဘဲ အာဆီယံ ကိုးနိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပြီး အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ တောင်ကိုရီးယား စတဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ အစည်းအဝေးတွေလည်း ကျင်းပခဲ့ကြပါတယ်။ အခုနှစ် အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြု တက်ရောက်မှု မရှိခဲ့တာနဲ့ မြန်မာနိုင်ငံ အခြေအနေ တိုးတက်မှု မရှိတာတွေကြောင့် တက်ရောက်လာတဲ့ အာဆီယံ ခေါင်းဆောင်တွေဟာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို ပြစ်တင်စကားပြောကြားခဲ့ပါတယ်။

အာဆီယံဥက္ကဋ္ဌ ဖြစ်တဲ့ ဘရူနိုင်းနိုင်ငံရဲ့ဘုရင် စူလတန် ဟာဆင်နယ် ဘိုကီးရားကတော့ အာဆီယံရဲ့ ကြားဝင်စွက်ဖက်မှုမပြုရေး မူနဲ့အညီ ပုံမှန်အခြေအနေ ပြန်ရောက်အောင် မြန်မာနိုင်ငံကို နေရာပေးသင့်တယ်လို့ ပြောသွားပါတယ်။ နိုင်ငံတကာမှာ အာဆီယံတစ်ဖွဲ့လုံးအပေါ် ယုံကြည်လေးစားမှု တည်မြဲဖို့အတွက် အာဆီယံဟာ မြန်မာနိုင်ငံအရေးကို ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ဖို့ လိုတယ်လို့ ဘရူနိုင်းဘုရင်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကတော့ အာဆီယံရဲ့သံတမန်ရေးရာ ကြိုးပမ်းအားထုတ်မှုတွေအပေါ် မြန်မာစစ်ခေါင်းဆောင်တွေဘက်က လက်မခံတဲ့ ရပ်တည်ချက် သဘောထားရှိခဲ့တဲ့အကြောင်း အခြားအာဆီယံခေါင်းဆောင်တွေကို ပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး ရက်တနိုမာဆူဒီက ပြောပါတယ်။

“အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ နိုင်ငံရေးနဲ့ မသက်ဆိုင်သူတစ်ဦးကို ဖိတ်ကြားဖို့ ဆုံးဖြတ်ခဲ့တာ တော်တော်လေးကြီးမားတဲ့ ဆုံးဖြတ်ချက်ပါ။ ဒါပေမယ့် ဒါက လုပ်ကိုလုပ်ရမယ့်ကိစ္စပါ။ အာဆီယံအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု မပြုရေး မူတွေကို လေးစားဖို့ လိုပါတယ်။ တဖက်မှာလည်း ဒီမိုကရေစီ၊ ကောင်းမွန်သော အစိုးရ ဖြစ်မှု၊ လူ့အခွင့်အရေးကို လိုက်နာမှုနဲ့ ဖွဲ့စည်းပုံနဲ့အညီ ဖွဲ့စည်းထားတဲ့ အစိုးရဖြစ်မှု စတဲ့ အခြားသော မူဝါဒတွေကိုလည်း ထိန်းသိမ်းဖို့ လိုပါတယ်"လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီက ပြောသွားတဲ့အကြောင်း သူမက ပြောပါတယ်။

စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းကလည်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံနဲ့ရထားတဲ့ အချက်ငါးချက်ပါ သဘောတူညီချက်တွေကို အကောင်အထည် ဖော်ရာမှာ တိုးတက်မှုမရှိတဲ့အတွက် အာဆီယံခေါင်းဆောင်တွေ စိတ်ပျက်ရကြောင်း ပြောပြီး မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံ အထူးသံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကတော့ မြန်မာကို အာဆီယံကနေ ဖယ်ထုတ်ထားတာ မဟုတ်ဘဲ မြန်မာဘက်ကသာ သူ့ရဲ့ ရပိုင်ခွင့်ကို စွန့်လွှတ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ အခုတော့ အာဆီယံထိပ်သီးညီလာခံဟာဟာ အာဆီယံ အနုတ် ၁ လို့ခေါ်ရမယ့် အခြေအနေမျိုး ဖြစ်နေပါတယ်။ ဒါက အာဆီယံကြောင့် မဟုတ်ပါဘူး။ မြန်မာနိုင်ငံကြောင့်ပါ လို့ သူက ပြောသွားပါတယ်။

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလေ့ရှိတဲ့ မလေးရှားနိုင်ငံကတော့ အာဆီယံ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို မလေးရှားနိုင်ငံက အပြည့်အဝထောက်ခံတယ်လို့ မလေးရှားဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီ ရာကော့်ဗ်က ပြောကြားခဲ့ပါတယ်။

မလေးရှားဟာ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင် ဖြစ်လာအောင် ထောက်ခံခဲ့တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ဒီအဖြစ်အပျက်တွေအပေါ် စိတ်မကောင်း ဖြစ်ရကြောင်းနဲ့ မြန်မာဟာ အာဆီယံမိသားစုရဲ့ တန်ဖိုးထားခံရတဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်နေဆဲဖြစ်တဲ့အတွက် မကြာခင်မှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားပြီး အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ ပုံမှန်အတိုင်း ပြန်လည်ပါဝင်နိုင်ဖို့ မျှော်လင့်တယ်လို့ သူက ပြောသွားပါတယ်။

2021-10-26T062210Z_710175341_RC2EHQ9JFSJ4_RTRMADP_3_ASEAN-SUMMIT.JPG
၂၀၂၁ အောက်တိုဘာ ၂၆ ရက်နေ့က အွန်လိုင်းဗီဒီယိုစနစ်နဲ့ ကျင်းပတဲ့ ၃၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်လာတဲ့ ထိုင်းဝန်ကြီးချုပ်နဲ့ စစ်ဗိုလ်ချုပ်ဟောင်း ပရာယွတ် ချန်အိုချာ။ (Photo: Reutres)

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက မြန်မာပြည်သူတွေရဲ့ အကျိုးအတွက် မြန်မာနိုင်ငံ အကြပ်အတည်းကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ဖို့ အာဆီယံနိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးအနေနဲ့ အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ကြဖို့နဲ့ အာဆီယံကစေလွှတ်တဲ့ အထူးသံတမန်ကို မြန်မာနိုင်ငံကို လာရောက်ရာမှာ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံခွင့်ပေးဖို့လည်း တောင်းဆိုခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတ နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဗီယက်နမ် ဝန်ကြီးချုပ် ဖန်မင်ချင်းန်ကတော့ အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်တားဆီးရေး ကိစ္စတွေကိုပဲ ပြောသွားတာ တွေ့ရပါတယ်။

အာဆီယံခေါင်းဆောင်တွေထဲမှာ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်တွေနဲ့ အနီးကပ်ဆုံးလို့ ယူဆကြတဲ့ ထိုင်းဝန်ကြီးချုပ်နဲ့ စစ်ဗိုလ်ချုပ်ဟောင်း ပရာယွတ် ချန်အိုချာက၊ မြန်မာနိုင်ငံအနေနဲ့ အာဆီယံနဲ့ သဘောတူညီထားတဲ့ အချက်ငါးချက်ပါ သဘောတူညီချက်တွေကို လိုက်နာအကောင်အထည်ဖော်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့အတွက် အာဆီယံရဲ့ အပြုသဘောဆောင်တဲ့ ပါဝင်ပတ်သက်မှုဟာ အလွန်မှအရေးကြီးကြောင်းနဲ့ မြန်မာနိုင်ငံအရေးကို ဖြေရှင်းနိုင်မှုဟာ အာဆီယံအဖွဲ့ရဲ့ဂုဏ်သိက္ခာအတွက် အရေးကြီးတဲ့ စာမေးပွဲတစ်ခု ဖြစ်တယ်လို့လည်း သူက ပြောသွားပါတယ်။

2021-10-26T140946Z_1108835562_RC2QHQ9YENBG_RTRMADP_3_ASEAN-SUMMIT.JPG
၂၀၂၁ အောက်တိုဘာ ၂၆ ရက်နေ့က အွန်လိုင်းဗီဒီယိုစနစ်ဖြင့် ကျင်းပတဲ့ အာဆီယံနဲ့မိတ်ဖက်နိုင်ငံတွေရဲ့ညီလာခံ တက်ရောက်ခဲ့တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်။ (Photo: AFP)

အွန်လိုင်းက ပြုလုပ်တဲ့ အာဆီယံနဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ညီလာခံမှာ တက်ရောက်ခဲ့တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း ပြောကြားပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွက် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်းနဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ မြန်မာစစ်တပ်ကို တောင်းဆိုခဲ့တဲ့အကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။

တရုတ်ဝန်ကြီးချုပ် လီကွန်ချန်ကတော့ တရုတ်နဲ့ အာဆီယံနိုင်ငံတွေအကြောင်း ကုန်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆောင်ရွက်နိုင်မယ့် အလားအလာတွေကိုပဲ ပြောကြားသွားခဲ့တယ်လို့ ရှင်ဟွာသတင်းဌာနကဖော်ပြခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။