အာဆီယံ ဘုံသဘောတူညီချက်တွေကို စစ်ကောင်စီလိုက်နာဖို့လိုကြောင်း မလေးရှားဝန်ကြီးဟောင်းပြော

စစ်ကောင်စီအနေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို လေးစားလိုက်နာဖို့ လိုတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း Syed Hamid ကဇန်နဝါရီ ၂၅ ရက်နေ့က ပြောဆိုလိုက်တဲ့အကြောင်း Bernama သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
ဝန်ကြီးဟောင်း Syed Hamidဟာ မလေးရှားနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာအကြံပေးအဖွဲ့ ဥက္ကဋ္ဌ တာဝန်ယူထားသူ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ခုချိန်အထိ လူ့အခွင့်အရေး စံချိန်စံနှုန်းတွေကို ချိုးဖောက်ပြီး အကြမ်းဖက်မှုတွေ ပြုလုပ်နေသလို တိုင်းပြည် ပုံမှန်အနေအထား ရောက်ရှိအောင်လုပ်ပေးနိုင်မယ့် လမ်းပြမြေပုံလည်း မရှိဘူးလို့ ပြောပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံရဲ့အခြေအနေဟာ အတော်ဆိုးဝါးနေပြီး စစ်တပ်ဟာ စစ်တန်းလျားကို ပြန်ရမှာဖြစ်ကြောင်းနဲ့ တချိန်ထဲမှာအပြည်ပြည်ဆိုင်ရာ အကူအညီပေးသူတွေကို ဝင်ခွင့်ပေးဖို့ လိုတယ်လို့လည်း ပြောပါတယ်။
အာဆီယံအနေနဲ့လည်း ပြီးခဲ့တဲ့ ဧပြီလ၂၄ ရက်နေ့က သဘောတူထားတဲ့ ဘုံသဘောတူညီချက်တွေကို မြန်မာနိုင်ငံက လိုက်နာလာတဲ့အထိ ကိုင်စွဲထားဖို့ လိုအပ်ကြောင်းနဲ့ အဲဒီလို မကိုင်စွဲထားရင် အာဆီယံဟာ အဆီအငေါ်မတည့်တဲ့၊ ဒေသတွင်းဖြစ်ပျက်မှုတွေကို ဝင်ရောက်ပြောဆိုခွင့်မရှိတဲ့ အဖွဲ့အစည်း ဖြစ်သွားလိမ့်မယ်လို့လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်းက ပြောကြားလိုက်ပါတယ်။