မြန်မာ့အရေး အင်ဒိုနီးရှားရဲ့ ကြိုးပမ်းမှုကို အာဆီယံနိုင်ငံတွေ ချီးကျူး
1923.12.07

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ တိုက်ခိုက်မှုတွေ လျှော့ချဖို့ အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အာဆီယံနိုင်ငံတွေက ချီးကျူးလိုက်ပါတယ်။ အခုအပတ် ကျင်းပပြီးစီးသွားတဲ့ ၅၆ ကြိမ်မြောက် အာဆီယံ အစည်းအဝေးရဲ့ ပူးတွဲ ကြေညာချက်မှာ ပြောဆိုထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာပြီး နိုင်ငံရေး အဖြေရှာနိုင်ဖို့အတွက် သက်ဆိုင်သူ အားလုံးနဲ့ ယုံကြည်မှု တည်ဆောက်ဖို့၊ ဆွဲဆောင်မှုရှိတဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးဖို့၊ မတူကွဲပြားမှုတွေကို ပေါင်းကူးပေးဖို့ အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ကျွန်တော်တို့ အားလုံး ချီးမွမ်းလိုပါတယ်လို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ဘုံသဘောတူညီချက် ငါးချက်ကို အခြေခံဖို့ကိုလည်း ဒီပူးတွဲ ကြေညာချက်ထဲမှာ ထပ်လောင်းပြောထားပါတယ်။
ဘုံသဘောတူညီချက် ငါးချက်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ အားလုံး ပါဝင်တဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့၊ ကြားဝင်စေ့စပ်ညှိနှိုင်းရေးအတွက် အထူးသံတစ်ဦး ခန့်အပ်ဖို့၊ အာဆီယံကနေ မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်တာကို ခွင့်ပြုဖို့နဲ့ အာဆီယံ အထူးသံကို မြန်မာနိုင်ငံက stakeholder အားလုံးနဲ့ တွေ့ဆုံခွင့်ပေးဖို့ စတာတွေ ပါဝင်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ အားလုံးကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ကုလသမဂ္ဂနဲ့ အခြား ပြင်ပနိုင်ငံတွေကိုလည်း အာဆီယံနဲ့ အတူ လက်တွဲ အလုပ်လုပ်ဖို့ အာဆီယံရဲ့ ပူးတွဲ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။