မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ထိရောက်မှု မရှိ

ရဲခေါင်မြင့်မောင်(ဝါရှင်တန် ဒီစီ)
2021.04.24

မြန်မာနိုင်ငံအရေးအတွက် ကျင်းပခဲ့တဲ့ ဒီအစည်းအပေးအပြီး ထုတ်ပြန်လိုက်တဲ့ ဘုံသဘောတူညီချက် ငါးရပ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်ဆိုင်းဖို့၊ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့နဲ့ အာဆီယံအဖွဲ့ကြီးက ဦးဆောင်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေနဲ့ လူသားချင်း စာနာထောက်ထားရေး အကူအညီတွေပေးဖို့ စတာတွေ ပါဝင်ပါတယ်။

အာဆီယံ ခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီချက်ထဲမှာ အာဏာသိမ်း စစ်အစိုးရကို အလွန်အကျွံ ဖိအားပေးတဲ့ သဘောထားမပါပဲ၊ အလွန်အကျွံ မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ တိုက်တွန်းတဲ့ သဘောသာ တွေ့ရပြီး၊ မြန်မာ့အရေးပါ အာဆီယံရဲ့ အခန်းကဏ္ဍ မပျောက်သွားအောင် ဆက်ထိန်းထားဖို့ ကြိုးစားထားတဲ့ သဘောထားကိုသာ တွေ့ရပါတယ်။

မြန်မာ့နိုင်ငံရေး အခြေအနေတွေကို လေ့လာစောင့်ကြည့်နေတဲ့ အမေရိကန်နိုင်ငံ မင်နီဆိုတာပြည်နယ် ကာလတန် ကောလိပ်က နိုင်ငံရေး သိပ္ပံပါမောက္ခ ဒေါက်တာ ထွန်းမြင့်ကတော့ အာဆီယံ ခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီချက်တွေမှာ ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှွတ်ဖို့နဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုဖို့ အချက်တွေမပါတဲ့အပြင်၊ အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားနေတဲ့ သူတွေကို အထင်သေးတဲ့ သဘော ရှိနေတယ်လို့ သုံးသပ်ပါတယ်။

ဒီ အာဆီယံ အစည်းအဝေးကို၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် အမတ်တွေနဲ့ တိုင်းရင်းသားတွေ ပါဝင်ဖွဲ့စည်းထားတဲ့ အမျိုးသား စည်းလုံးညီညွတ်ရေး အစိုးရ NUG က တက်ရောက်ခွင့် မရခဲ့ပေမယ့်၊ ခုလို အာဆီယံ ခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီချက် ထုတ်ပြန်လိုက်တာကို ကြိုဆိုတဲ့အကြောင်း အမျိုးသား စည်းလုံးညီညွတ်ရေး အစိုးရ NUG ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ ဆာဆာက ပြောဆိုခဲ့ပါတယ်။

မလေးရှားဝန်ကြီးချုပ် မာဟူဒင်ရာစင်ကတော့ အကြမ်းဘက်တိုက်ခိုက်မှုတွေကို ဘယ်သူ့ဘက်က စလုပ်ခဲ့တာဖြစ်ဖြစ်၊ လက်ရှိအချိန်မှာ အကြမ်းဖက်မှုအားလုံးရပ်တန့်သွားဖို့က ပိုအရေးအကြီးတဲ့အတွက် စစ်ခေါင်းဆောင်တွေဘက်ကို ပြစ်တင်ရှုတ်ချကြောင်း မထည့်သွင်းခဲ့တာလို့ အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောသွားတာ တွေ့ရပါတယ်။

ဒီဘုံသေဘာတူညီချက် ငါးရပ်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အခြား အာဆီယံ ခေါင်းဆောင်အားလုံးက သဘောတူလက်ခံခဲ့ပြီး ထုတ်ပြန်ခဲ့တာလို့လည်း မလေးရှား ဝန်ကြီးချုပ်က ပြောသွားပါတယ်။

နိုင်ငံရေး သိပ္ပံပညာရှင် ဒေါက်တာ ထွန်းမြင့်ကတော့ အခုလိုထားတဲ့ ဘုံသဘောတူညီချက် ထုတ်ပြန်ခဲ့တဲ့ နေရာမှာ စင်္ကာပူ နိုင်ငံရဲ့ အခန်းကဏ္ဍ အများကြီး ပါဝင်နိုင်တယ်လို့ သုံးသပ်ပါတယ်။

စင်္ကာပူနိုင်ငံဟာ ၂၀၁၉ ခုနှစ်က စပြီး တရုတ်နိုင်ငံကို ကျော်လွန်ပြီး မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်ထားတဲ့ နိုင်ငံဖြစ်လာတာပါ။ မကြာသေးခင်က စင်္ကာပူနိုင်ငံ အခြေစိုက်ဘဏ်လုပ်ငန်း အချို့ဟာ မြန်မာနိုင်ငံက နိုင်ငံခြား အရန်ဘဏ္ဍာငွေတွေကို လက်ခံထားတဲ့ ဘဏ်တွေဖြစ်ကြောင်း အမေရိကန် အစိုးရ သတင်းရင်းမြစ်တွေကို အခြေခံပြီး သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်နဲ့ ပတ်သက်မှုအတွက် နိုင်ငံတကာက ဖိအားပေးတာတွေ ပြင်းထန်လာတဲ့ အချိန်မှာတော့ စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လွန်း အပါအဝင် စင်္ကာပူ ထိပ်ပိုင်းခေါင်းဆောင်အချို့က အရပ်သား ပြည်သူတွေကို သေစေလောက်တဲ့ လက်နက်သုံးပြီး တိုက်ခိုက်တာ လက်ခံနိုင်စရာ မရှိတဲ့အကြောင်း ပထမဆုံးအကြိမ် ထုတ်ဖော် ဝေဖန်ခဲ့ပါတယ်။

အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုရဲ့ သီးသန့်ထုတ်ပြန်ချက်မှာတော့ မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ချက်ချင်းစဖို့၊ နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းပြန်လွှတ်ဖို့နဲ့ အာဆီယံ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ဝင်ခွင့်ပြုဖို့ စတဲ့အချက်တွေ ပါဝင်တာ တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။