မြန်မာပြည်က အကြမ်းဖက်တိုက်ခိုက်မှုအားလုံး ရပ်တန့်ဖို့ အာဆီယံဥက္ကဋ္ဌ တိုက်တွန်း

2022.10.25
မြန်မာပြည်က အကြမ်းဖက်တိုက်ခိုက်မှုအားလုံး ရပ်တန့်ဖို့ အာဆီယံဥက္ကဋ္ဌ တိုက်တွန်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ ၂ဝ၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သူတစ်ဦးကို ဘားအံဆေးရုံသို့ ခေါ်ဆောင်လာစဉ်။
ဓာတ်ပုံ - ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့

မကြာခင်က မြန်မာနိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ တိုးပွားလာတာနဲ့ ပတ်သက်ပြီး၊ အာဆီယံအနေနဲ့ အလွန်စိုးရိမ်ပူပန်နေတယ်လို့ လက်ရှိ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးဌာနက အောက်တိုဘာလ ၂၅ရက်က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အင်းစိန်ထောင် ဗုံးပေါက်ကွဲမှု၊ ကရင်ပြည်နယ်မှာ ဖြစ်နေတဲ့ ရန်လိုတိုက်ခိုက်မှုတွေနဲ့ နောက်ဆုံး ကချင်ပြည်နယ်မှာ အရပ်သားပြည်သူတွေ စုဝေးနေတဲ့ နေရာကို လေကြောင်းက တိုက်ခိုက်ခဲ့တဲ့အတွက် လူအမြောက်အများ သေကြေဒဏ်ရာရစေခဲ့တဲ့ ဖြစ်ရပ်တွေအပါအဝင် တိုက်ခိုက်မှုတွေ တိုးလာနေတဲ့အတွက် စိုးရိမ်ပူပန်နေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ သာမန်ပြည်သူတွေဟာ အလွန်ကြီးမားတဲ့ ဒုက္ခဆင်းရဲ ခံစားနေရတာနဲ့ ထိခိုက်နစ်နာမှုတွေ တိုးလာနေတဲ့အတွက်လည်း အလွန်မှ စိတ်မကောင်းဖြစ်ရပါတယ်လို့လည်း ပါရှိပါတယ်။

နောက်ဆုံး တိုက်ခိုက်မှုတွေဟာ မြန်မာနိုင်ငံတွင်းက လူသားချင်းစာနာမှု အခြေအနေတွေကို ပိုမိုဆိုးဝါးစေရုံတင်မကဘဲ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ပါ သဘောတရားနဲ့ ဒီသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ အာဆီယံအထူးသံတမန်ရဲ့ အားထုတ်မှုတွေကို မထေမဲ့မြင်ပြုရာရောက်တယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်ရေးအင်အားကြီးမားတဲ့ အဖွဲ့တွေအပါအဝင် သက်ဆိုင်တဲ့အဖွဲ့အစည်းအားလုံးကိုလည်း အကြမ်းဖက် တိုက်ခိုက်မှု အားလုံး ရပ်တန့်ဖို့ အာဆီယံက တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ အမျိုးသားရင်ကြားစေ့ရေး ငြိမ်းချမ်းစွာ အဖြေရှာကြဖို့နဲ့ ဒေသတွင်းတည်ငြိမ်ရေး၊ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးအတွက် ထိန်းသိမ်းနိုင်ဖို့ အပြုသဘောဆောင်ပြီး အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2022-10-26 06:39

We will not negotiate with Min Aung Hlaing's terrorist military any more. We fight until we win