ဆရာကြီး ဦးဘဉာဏ်ရဲ့ ပန်းချီကား စင်္ကာပူမှာ ပြသ
2015.11.24
ကွယ်လွန်သူ မြန်မာ့ပန်းချီကျော်ဆရာကြီး ဦးဘဉာဏ်ရဲ့ ပန်းချီကားအပါအဝင် အမေရိကန်ဒေါ်လာ ၃၇၆ သန်း တန်တဲ့ အရှေ့တောင်အာရှက ခေတ်သစ်အနုပညာလက်ရာတွေကို အများပြည်သူကြည့်ရှုနိုင်ဖို့ စင်ကာပူ အမျိုးသား ပြခန်းကို မနေ့က ဖွင့်လှစ်လိုက်ပါတယ်။ ကမ္ဘာမှာ အရှေ့တောင် အာရှကလက်ရာတွေ အများဆုံး စုဆောင်းပြသတဲ့ ပြခန်းလည်းဖြစ်ပါတယ်။
ဗြိတိသျှ ကိုလိုနီခေတ်က သုံးခဲ့တဲ့ မြို့တော်ခန်းမဟောင်းနဲ့ ဗဟိုတရားရုံးချုပ် အဆောက်အဦနှစ်ခုကို အဆောက်အဦတစ်ခုတည်းဖြစ်အောင် ၁၀ နှစ်အချိန်ယူ ပေါင်းစပ်လိုက်ပြီး ပြခန်းအဖြစ် ဖန်တီးထားတာပါ။
အရှေ့တောင်အာရှတလွှားက ၁၉ ရာစုနဲ့ ၂၀ ရာစုက ပန်းချီ၊ ပန်းပု၊ ဓာတ်ပုံနဲ့ ဗွီဒီယိုစတဲ့ အနုပညာလက်ရာစုံ ၈၀၀၀ ကို တစုတစည်းပြသထားတယ်လို့ ပြခန်းတာဝန်ရှိသူတွေက ပြောပါတယ်။
ဆရာကြီး ဦးဘဉာဏ်လက်ရာအပြင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှားနဲ့ ထိုင်းနိုင်ငံက ထင်ရှားတဲ့ အနုပညာရှင်တွေရဲ့ လက်ရာတွေလည်း ပြသထားပါတယ်။