ပန်းပုပညာရှင်ဆန်နီညိမ်း အပါအဝင် အနုပညာရှင်တချို့ ကိုဗစ်သံသယနဲ့ကွယ်လွန်

ပန်းချီပန်းပု စာပေအနုပညာလောကမှာ လူသိများထင်ရှားတဲ့ မော်ဒန်ပန်းပုဆရာ ဆန်နီညိမ်းဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဇူလိုင်လ ၂၀ ရက် မနေ့က ကွယ်လွန်သွားပါတယ်။
မြန်မာ့လက်ဝှေ့ကျော် ကျားဘညိမ်း ခေါ် ဦးဘညိမ်းနဲ့ ဒေါ်ကြည်ကြည်တို့ရဲ့ သားသမီး ၇ ဦးထဲက ဒုတိယသားဖြစ်တဲ့ ဦးဆန်နီညိမ်းဟာ ၁၉၄၉ ခုနှစ်က မန္တလေးမှာ မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၂ နှစ် ရှိပြီဖြစ်ပါတယ်။
ပန်းပုဆန်နီညိမ်းဟာ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှာ Tiger Gallery အမည်နဲ့ အနုပညာပြခန်းတစ်ခု ဖွင့်လှစ်ထားပါတယ်။ "အခြေခံဂရပ်ဖစ်အနုပညာ"၊ "ပျူဒီဇိုင်းများကပြောသော ပျူအတွေးများ" စတဲ့ စာအုပ်တွေကိုလည်း ရေးသားခဲ့ပါတယ်။
ပန်းပုဆန်နီညိမ်းဟာ ရန်ကုန်မြို့က အမေရိကန်သံရုံး ပြန်ကြားရေး၊ ပြပွဲနဲ့ ပုံနှိပ်ထုတ်ဝေရေးဌာနမှာ ဂရပ်ဖစ် အနုပညာရှင်တစ်ဦးအဖြစ် စာအုပ်ထုတ်ဝေရေးနဲ့ ပြပွဲတွေ ခင်းကျင်းပြသတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။
အမေရိကန်ပြန်ကြားရေးဌာနမှာ ၁၉၉၆ ခုနှစ်အထိ အနှစ် ၂၀ ကျော် လုပ်ကိုင်ခဲ့ပြီး Swift winds Travel ခရီးသွားလုပ်ငန်းမှာ လုပ်ကိုင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တနံတလျား ခရီးသွားရင်း မှတ်တမ်းဓာတ်ပုံတွေ ရိုက်ကူးခဲ့တဲ့အပြင် မဂ္ဂဇင်းတွေမှာ သရုပ်ဖော်ပန်းချီနဲ့ စာအုပ်မျက်နှာဖုံးပန်းချီတွေ ရေးဆွဲပြီး အနုပညာဆောင်းပါးတွေလည်း ရေးသားခဲ့ပါတယ်။
မြန်မာ့အနုပညာနဲ့ မြန်မာမှု အထူးကျွမ်းကျင်သူ ပန်းပုဆန်နီညိမ်းဟာ မကွယ်လွန်ခင် တစ်ရက်အလို ဇူလိုင်လ ၁၉ ရက်နေ့မှာ "ဆန်နီညိမ်းတောင်းဆိုသည်" ဆိုပြီး စစ်ကောင်စီကို ရည်ညွန်းတဲ့ပုံနဲ့ "ရပ်ကြတော့" ဆိုတဲ့ တုန်ရီချိနဲ့တဲ့ လက်ရေးနဲ့ စာလုံးမပီမသ ရေးသားခဲ့တာကို သူ့ရဲ့Facebook လူမှုကွန်ရက်မှာ တွေ့ရပါတယ်။
ဇူလိုင်လ ၂၀ ရက်နေ့ တစ်ရက်တည်းမှာပဲ အမျိုးသားစာပေဆုရှင် သမိုင်းသုတေသီ ဦးစံဝင်း (၇၃ နှစ်)၊ စာရေးဆရာ အယ်ဒီတာ မင်းစိုးအောင် (၅၉ နှစ်)၊ ထွန်းဖောင်ဒေးရှင်း လူငယ်စာပေဆုရှင် ကျော်ဝင်းဟိန်း (ပခုက္ကူ)၊ ဉာဏ်ဝင်းထက် (စာပေဗိမာန်)၊ စာပေသမားတွေရဲ့ ဇာတ်ကောင် ကိုကြည်စိုး-ကြက်သောက်ဆမ်းတို့ ကွယ်လွန်ခဲ့ပါတယ်၊ အနုပညာနယ်ပယ်ကပဲ သရုပ်ဆောင် ကောင်းခန့်ကျော်၊ လူရွှင်တော် သာလောင် တို့လည်း ကွယ်လွန်ခဲ့ကြပါတယ်။