အဆိုတော် ပိုပို နဲ့ မဝင်းမင်းသန်း တို့ လွတ်မြောက်

2022.10.28
အဆိုတော် ပိုပို နဲ့ မဝင်းမင်းသန်း တို့ လွတ်မြောက် အဆိုတော် ပိုပိုနှင့် ဘလော့ဂါ မဝင်းမင်းသန်း။
Photo: Po Po's facebook, Win Min Than - Fan page

စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅ဝ၅(က)အပြင် တခြားပုဒ်မတချို့နဲ့ ဖမ်းဆီးထောင်ချခံထားရတဲ့ အဆိုတော် ပိုပို နဲ့ အွန်လိုင်းစာမျက်နှာမှာ နာမည်ကြီး ထင်ရှားသူ မဝင်းမင်းသန်း တို့ အောက်တိုဘာ ၂၈ရက်နေ့ ညနေက အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ ဥပဒေပညာရှင်တစ်ဦးက ပြောပါတယ်။

သူတို့နှစ်ဦးကို လွှတ်လိုက်ပြီဆိုတာ အကျဉ်းထောင်ဝန်ထမ်းတွေဆီကတဆင့် သိရတယ်လို့ ဖမ်းဆီးခံထားရတဲ့ အနုပညာရှင်တချို့ရဲ့အမှုနဲ့ နီးစပ်သူ ဥပဒေပညာရှင်တစ်ဦးက ပြောပါတယ်။

"သူတို့နှစ်ယောက်နဲ့ ဒါရိုက်တာမိုက်တီးလည်း လွတ်တယ်လို့ ကြားပါတယ်။ ဒါပေမဲ့ မိသားစုဘက်က အတည်ပြုချက်မရသေးဘူး၊ မဝင်းမင်းသန်းနဲ့ ပိုပိုကတော့ မိသားစုဘက်က အတည်ပြုပေးတယ်။ စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ကလည်း ရွေးကောက်ပွဲကော်မရှင်က တချို့ကို လွှတ်ပေးတယ်။ အခုလည်း နာမည်ရှိတဲ့အနုပညာရှင်တချို့ကို လွှတ်ပေးနေတာ နိုင်ငံတကာဖိအားတွေကြောင့်လို့ ထင်တယ်။"

သူတို့နှစ်ဦးဟာ ၂ဝ၂၁ ဧပြီလက ဖမ်းဆီးခံခဲ့ရပြီး ၈လအကြာမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅ဝ၅(က) နဲ့ ထောင်ဒဏ် ၃နှစ်စီ ချမှတ်ခံခဲ့ရတာပါ။

၂ဝ၂၂ ခုနှစ် မတ်လက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အနုပညာရှင်တချို့ကို လွှတ်ပေးခဲ့ပေမယ့် သူတို့နှစ်ဦး မလွတ်မြောက်ဘဲ ကျန်နေခဲ့တာဖြစ်ပါတယ်။ မဝင်းမင်းသန်းက မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)နဲ့ အမှုရင်ဆိုင်ဖို့ ကျန်နေခဲ့တာလို့ သိရပါတယ်။

ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ခံရပြီးနောက် တစ်နှစ်နီးပါးအကြာမှာ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။ ဘာကြောင့်လွှတ်ပေးတယ်ဆိုတာ RFA က အတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ထားတာမရှိသေးပါဘူး။

၂ဝ၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာရှင်ဆန့်ကျင်ဆန္ဒပြတာ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်ဖို့ လှုံ့ဆော်တဲ့ အနုပညာရှင်တွေကို စစ်ကောင်စီက ပုဒ်မ ၅ဝ၅(က)နဲ့ အမှုဖွင့်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။