ပန်းချီ ဆန်းဇော်ထွေး ပြန်လည် လွတ်မြောက်


2015.04.15
san-zaw-htway-305.jpg ပန်းချီပညာရှင် ဆန်းဇော်ထွေး ရေးသားတဲ့ နှစ်သစ်ဦးကျိန်စာ ကို တွေ့ရစဉ်
Photo: San Zaw Htway( Facebook )

နှစ်သစ်ဦးကျိန်စာကို အိမ်ရှေ့မှာရေးသားခဲ့တာကြောင့် စစ်ဆေးမေးမြန်းခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ပန်းချီပညာရှင် ကိုဆန်းဇော်ထွေးဟာ သုဝဏ္ဏမြို့နယ် ရဲစခန်းက ပြန်လည်ခေါ်ယူစစ်ဆေးမှာကို လက်ခံကြောင်း လက်မှတ်ရေးထိုးခဲ့ပြီးတဲ့ နောက် မနေ့ညက ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။

နှစ်သစ်ဦးကျိန်စာကို ဘာရည်ရွယ်ချက်နဲ့ ရေးသားတာလဲ ဆိုတာကို မေးမြန်းပြီး ထွက်ဆိုချက်တွေကို အထက်ကို တင်ပြမှာဖြစ်ကြောင်း ရဲမှူးတွေကပြောတယ်လို့ မနေ့ည က လွတ်မြောက်လာတဲ့ ကိုဆန်းဇော်ထွေး က ပြောပါ တယ်။

"ကျနော်ရေးခဲ့တဲ့ကျိန်စာနဲ့ ပတ်သက်ပြီးတော့ ဘာလို့လုပ်တာလဲ၊ ဘယ်လိုရည်ရွယ်ချက်လဲ၊ အဲ့လိုမျိုးတွေမေးတယ်၊ သူတို့နဲနဲပိုပြီးသိချင်တာက ဒါဟာ အောက်လမ်းလုပ်တာလား၊ အထက်လမ်း လုပ်တာလား၊ ယတြာလုပ်တာလား၊ သူတို့ပြောတာက အထက်ကိုတင်မယ်လို့ပြောတယ်၊ လူကြီးတွေက မင်္ဂလာယူနေတဲ့အချိန်မှာ မင်းရဲ့ကျိန်စာဆိုတာကိုတွေ့သွားတော့ သူတို့ကစိတ်အနှောင့်အယှက်ဖြစ်သွား တယ်တဲ့၊ အဲ့တော့ငါတို့က အရေးမယူ လို့မရတော့ဘူးတဲ့၊ ခံဝန်ကတော့ သူတို့ လိုအပ်လို့ပြန်ခေါ်တဲ့အချိန်မှာ လိုက်ပြီးတော့ဖြေရှင်းပေးပါ့မယ်ဆိုတဲ့ဟာမျိုး ခံဝန် ထိုးခဲ့ရတယ်၊ အမှုဖွင့်ဖို့ကိုလည်း သူတို့ကမပြောဘူး၊ သူတို့ကိုယ်တိုင်လည်း အထက်က လုပ်ခိုင်းတဲ့အတွက်ကြောင့် အထက်ကဘာပြန်ပြောဦးမလဲမသိဘူး ဆိုပြီးတော့ပဲ ကျနော့် စစ်ချက်ကိုသူတို့ Fax နဲ့ ပို့တယ်လို့ပြောတယ်"

ကိုဆန်းဇော်ထွေးဟာ ဒီလ ၁၃ ရက်နေ့ သြင်္ကန်အကြိုနေ့ကစပြီး သူ့ရဲ့နေအိမ်ရှေ့မှာ နှစ်သစ်ဦးဆုတောင်းနဲ့ နှစ်သစ်ဦး ကျိန်စာကို ရေးသားခဲ့တာဖြစ်ပါတယ်။

နှစ်သစ်ဦးဆုတောင်းက ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ကူညီသူတွေ ပြန်လည်လွတ်မြောက်ဖို့ ဆုတောင်းထားပြီး နှစ်သစ်ဦးကျိန်စာကတော့ အစိုးရ၊ ရဲ၊ စစ်သားနဲ့ စွမ်းအားရှင်တွေ ဘေးဆိုးကြုံတွေ့ပါစေ ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။

ကိုဆန်းဇော်ထွေးဟာ လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်မှာ ဗကသ ပြန်လည်ဖွဲ့စည်းရေးအတွက် ဦးဆောင်လှုပ်ရှားခဲ့ တာကြောင့် ထောင်ဒဏ် ၃၆ နှစ် ချမှတ်ခံခဲ့ရပြီး ၂၀၁၂ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာ သူဖြစ်ပါတယ်။

သူဟာ သူတတ်မြောက်ထားတဲ့ စွန့်ပစ်ပစ္စည်းတွေကနေ အနုပညာဖန်တီးမှုကို မိဘမဲ့ကလေးတွေကို သင်ကြားပေးနေ သူဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။