ကလေးမြို့နယ်မှာ လက်နက်ကြီးကျလို့ တစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ
2024.07.23

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ပျဉ်းတော်ဦးရွာမှာ ဇူလိုင်လ ၂၃ ရက် ညနေက စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် လူနေအိမ်ထဲ ကျရောက်ပေါက်ကွဲလို့ ဒေသခံတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူဟာ အမျိူးသားတစ်ဦးဖြစ်ပြီး နောက်ထပ် အမျိုးသမီးနှစ်ဦးက ထိခိုက်ဒဏ်ရာရခဲ့တာပါ။ သူတို့ရဲ့ အသေးစိတ်အခြေအနေတွေကိုတော့ မသိရသေးပါဘူး။
ဒီအပြင် ပျဉ်းတော်ဦးရွာအနီး ဆည်ကြီးရွာနားမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ကလေးမြို့မြောက်ပိုင်းဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ခဏခဏ အဲဒီလိုပစ်နေကြ၊ အခုက ဆည်ကြီးနားမှာ နှစ်ဖက်စစ်ရေးတင်းမာနေတာ၊ တိုက်ပွဲဖြစ်တာတော့ မရှိသေးဘူး။ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်တာ တောက်လျှောက်လုပ်နေတယ်"
ဒီကိစ္စနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ပြီးခဲ့တဲ့ မေလနဲ့ ဧပြီလမှာ ကလေးမြို့နယ် မြောက်ပိုင်းက ပြည်တော်သာ၊ ယောက်ချိုကွင်း၊ ပျဉ်းခုံကြီး၊ ပျဉ်းခုံလေး၊ ဆည်ကြီး စတဲ့ ကျေးရွာပေါင်း ဆယ်ရွာခန့်က လူနေအိမ်နဲ့ ဘုရားကျောင်း အပါအဝင် အဆောက်အအုံ ရှစ်ရာကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား နှစ်ထောင်နီးပါး (၁၉၄၂ ဦး) သေဆုံးခဲ့ပြီး ဒဏ်ရာရသူ လေးထောင်နီးပါး (၃၈၆၆ ဦး) အထိ ရှိပါတယ်။