ခင်ဦးမှာ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး သေဆုံး၊ ငါးဦးဒဏ်ရာရ

RFA Burmese
2024.05.16
ခင်ဦးမှာ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး သေဆုံး၊ ငါးဦးဒဏ်ရာရ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုခဲ့သည့် အဆောက်အအုံနေရာအား ၂၀၂၄ ခုနှစ်၊ မေလ ၁၆ ရက်နေ့က တွေ့ရစဥ်။
ခင်ဦးမြို့နယ် သတင်းနှင့် ပြန်ကြားရေး

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သရက်ပင်စုရွာကို မေလ ၁၆ ရက်နေ့ ဒီနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် လူငါးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ်အနီးမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၄၆ နှစ်အရွယ် ဒေါ်စပ်မ နေရာမှာတင် သေဆုံးခဲ့ပြီး ဒဏ်ရာရထားတဲ့ ငါးဦးထဲမှာတော့ သုံးဦးက ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

သက်ရက်ပင်စုရွာနဲ့ တစ်မိုင်ကျော်ဝေးတဲ့ ရေဦးမြို့ပေါ် တိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့က စစ်ကြောင်းမထိုးနိုင်တဲ့အခါကျတော့ အားအားရှိ လက်နက်ကြီးနဲ့ပဲ ထိုင်ထုတာကိုးဗျ။ ရေဦးတိုင်းရင်းဆေးရုံကနေ လက်နက်ကြီးနဲ့ လှမ်းထုတာ။ နှစ်လုံးကျတယ် သရက်ပင်စုရွာထဲကို။ ရွာထဲက အိမ်တွေနားကျတော့ အိမ်ထဲ အိပ်နေတဲ့သူထိတယ်။ တစ်ဦးသေတယ်၊ ငါးဦးဒဏ်ရာရတယ်”

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

မေလ ၁၁ ရက်နေ့ကတော့ ခင်ဦးမြို့နယ်နဲ့ နယ်မြေချင်းဆက်နေတဲ့ ဒီပဲယင်းမြို့နယ်ထဲက မကြီးအုပ်ရွာမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲလို့ သေဆုံးသူ ရှစ်ဦးအထိရှိနေပြီး နှစ်ဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။