ဂန့်ဂေါမှာ လက်နက်ကြီးကြောင့် ကလေးတွေအပါအဝင် ခြောက်ဦး ဒဏ်ရာရ
2024.05.13
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဇာဟောရွာကို မေလ ၁၀ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကလေးနှစ်ဦးအပါအဝင် ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒဏ်ရာရသူတွေက အသက် ၆ နှစ်အရွယ် မငြိမ်းဝေဖြိုး၊ အသက် ၁၄ နှစ်အရွယ် မစိုးစိုး၊ အသက် ၆၅ နှစ်အရွယ် ဒေါ်အေးကျော်၊ အသက် ၂၅ နှစ်အရွယ် ကိုအဆီတုံး၊ အသက် ၂၃ နှစ်အရွယ် ကိုဝိုင်ဝိုင်းနဲ့ အသက် ၃၅ နှစ်အရွယ် ကိုမျိုးမင်းတို့ ဖြစ်ကြပါတယ်။
ဒဏ်ရာရထားသူ ခြောက်ဦးထဲမှာ ကိုမျိုးမင်းကတော့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
ဇာဟောရွာနဲ့ တစ်မိုင်ကျော်ဝေးတဲ့ ဂန့်ဂေါမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ - ၅၀ ကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တာမှာ ရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဇာရောရွာ ခြံဝင်းထဲက မန်ကျည်းပင်ပေါ်ကို ကျတယ်။ အဲဒီကကွဲပြီး အစမှန်ကြတာ။ အမျိုးသားတစ်ဦးက ခေါင်းကို ထိတယ်။ နားတွေထဲ သွေးထွက်လို့ မန္တလေးကို အရေးပေါ် ဆေးကုဖို့ သွားတယ်။ စိုးရိမ်ရတယ်ပေါ့ဗျာ”
အဲဒီနေ့က ရွာကို လက်နက်ကြီးနဲ့မပစ်ခတ်ခင် စစ်ကောင်စီတပ်က ဒရုန်းနှစ်စင်းက ရွာပေါ်ကိုဝဲပျံခဲ့ပြီး မီးအလင်းရောင်ရှိတော့ လူစုတယ်လို့ ယူဆတဲ့နေရာကို ပစ်ခတ်ခဲ့တာလို့လည်း သူကဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကလည်း ဇာဟောရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ စပါးရိတ်နေတဲ့ အသက် ၂၅ နဲ့ ၃၅ နှစ်အရွယ် အမျိုးသားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲလက်နက်ကြီးကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ မတ်လအထိ သုံးလအတွင်းမှာ သေဆုံးသူ ၃၉၇ ဦး ရှိခဲ့ပြီး ဒဏ်ရာရသူက ၈၈၉ ဦးအထိရှိခဲ့ပါတယ်။