နောင်ချိုမြို့နယ်မှာ လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦး သေဆုံး
2024.05.15

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် သုံးဆယ်ရွာမှာ မေလ ၁၀ ရက်နေ့က စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ အရပ်သားနှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) သတင်းပြန်ကြားရေးဌာနက မေလ ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ တပ်မ ၃၃ လက်အောက်ခံ ခမရ - ၁၁၁ တပ်ဖွဲ့ဝင်တွေက အုမ္မသီကျေးရွာကနေ သုံးဆယ်ရွာဘက်ကို လက်နက်ကြီးလေးလုံး ပစ်ခတ်ခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သေဆုံးသူတွေဟာ အသက် ၆၂ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၂၄ နှစ်ရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဒဏ်ရာရသူနှစ်ဦးကတော့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ နောင်ချိုမြို့နယ် သရက်ကုန်းရွာဘက်ကို လက်နက်ကြီးတွေနဲ့ပစ်နေသလို အဲဒီရွာတွေနဲ့နီးစပ်တဲ့ သုံးဆယ်နဲ့ ဇီးပင်ကြီးရွာတွေဘက်ကိုလည်း လက်နက်ကြီးတွေနဲ့ မကြာခဏပစ်နေတယ်လို့ နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“လက်နက်ကြီးကတော့ နေ့တိုင်းပဲ ပစ်နေတာ။ မနေ့ကအထိကို ပစ်နေတာ။ ဒီမနက်တော့ အသံတိတ်နေတယ်။ သုံးဆယ်မှာ ပြီးခဲ့တဲ့ရက်က လက်နက်ကြီးပစ်လို့ သေတာလည်း ဟုတ်တယ်။ သုံးဆယ်က ဒေသခံတွေရော ဇီးပင်ကြီးက ဒေသခံတွေလည်း ထွက်ပြေးနေရတယ်”
နောင်ချိုမြို့နယ်က အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့သဘောထားကိုသိနိုင်ဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
TNLA ဘက်ကတော့ အပစ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ စစ်ကောင်စီဘက်က နောင်ချိုနဲ့ မိုးကုတ်မြို့တွေမှာရှိတဲ့ သူတို့တပ်ဖွဲ့ဝင်တွေကို လက်နက်ကြီးတွေနဲ့ မကြာခဏပစ်ခတ်နေတဲ့အပေါ် မှတ်တမ်းပြုစုထားပြီး ဒီထက်ပိုဆိုးလာရင် တုံ့ပြန်ဖို့ ပြင်ဆင်ထားတယ်လို့ ပြောဆိုထားပါတယ်။
RFA က ပြုစုထားတဲ့စာရင်းအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့လက်နက်ကြီးကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ မတ်အထိ သုံးလအတွင်းမှာ သေဆုံးသူ ၃၉၇ ဦးရှိခဲ့ပြီး ဒဏ်ရာရသူက ၈၈၉ ဦးအထိ ရှိခဲ့ပါတယ်။