ဖားကန့် မဆွပ်ယန်ရွာက လူ ၁၀၀ ကျော် ဖမ်းဆီးခံရ
2023.04.28

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မဆွပ်ယန်ရွာကို ဧပြီ ၂၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး KIA၊ KPDF ကို ထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အရပ်သား ၁၀၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေ ပြောပါတယ်။
အကျဉ်းထောင်မှာ တပ်စွဲထားတဲ့ အင်အား ၁၀၀ နီးပါးရှိ စစ်ကြောင်းဟာ မနေ့က မနက် ၁၁ နာရီလောက်မှာ ရုတ်တရက် ရွာကိုဝင်ရောက်လာပြီး သံသယရှိသူ အားလုံးကို ပိုက်စိပ်တိုက် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
စစ်တပ် ရွာထဲဝင်လာကတည်းက အော်ဟစ်ကြိမ်းမောင်းပြီး တချို့ကို လက်ပြန်ကြိုးတုပ်၊ တချို့ကို အစောင့်အကြပ်နဲ့ ခြံရံပြီး လူ ၁၀၀ ကျော်ကို ဖမ်းခေါ်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"နေ့လယ် ၁၁ နာရီမှာ စစ်ကြောင်းဝင်တယ်။ နေ့လယ် ၁၂ နာရီ ၁၅ မှာ ပြန်ထွက်တယ်။ စစ်ကြောင်းဝင်ကတည်းက KIA၊ PDF ကို ထောက်ပံ့တဲ့ ကောင်တွေ၊ ကောင်မတွေ အကုန်ခေါ်၊ ဘယ်သူ့မှမချန်နဲ့လို့ အော်ပြောတာ။ စီးနင်းမှုက တစ်နာရီကျော်ပဲကြာတယ်။ လက် နောက်ပြန်ကြိုးတုပ်ပြီး ခေါ်သွားတဲ့လူလည်း ရှိသလို၊ ဒီအတိုင်းခေါ်သွားတာ လည်း ရှိတယ်။ အနည်းဆုံးတော့ ၁၀၀ ကျော်ပဲ"
အဖမ်းခံရသူတွေထဲမှာ အသက် ၂၀ ကနေ ၄၀ ကျော်အရွယ် လူငယ်နဲ့ လူလတ်ပိုင်းတွေ ပါသလို တချို့လည်း အသက်ကြီးသူတွေ ပါဝင်တယ်လို့ သူက ဆိုပါတယ်။
အဖမ်းခံရသူတွေရဲ့ အမည်အတိကျကို စာရင်းမကောက်ယူနိုင်သေးဘူးလို့လည်း အဲဒီ ဒေသခံက ပြောပါတယ်။
အဖမ်းခံရတဲ့ ရွာသားတွေကို မဆွပ်ယန် အကျဉ်းထောင်နဲ့ မဆွပ်ယန်ရွာထဲမှာရှိတဲ့ ၁၁၁ ကျောက်စိမ်းရှာဖွေရေး ကုမ္ပဏီအတွင်းကို နှစ်ဖွဲ့ခွဲပြီး ခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ဧပြီလ ၂၁ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ မဆွပ်ယန်ရွာအနီးက မဒဲန်ယန် ခေါ် မှော်ဘုံရွာက ဒေသခံ ၂၀၀ နီးပါးကို စစ်ကောင်စီတပ်က KIA နဲ့ PDF ကို ထောက်ခံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းခေါ်သွားပြီး အဲဒီအထဲက လူ ၅၀ နီးပါး ပြန်လွတ်လာပါတယ်။ ကျန် ၁၀၀ ကျော်ကတော့ အခုချိန်ထိ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။
ဧပြီလ ၂၈ ရက် မနက်စောစော ၅ နာရီလောက်မှာလည်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ ဝင်ရောက်နေထိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖားကန့်မြို့ ဆိုင်းတောင်၊ မှော်ရှန်ရပ်ကွက် မှာရှိတဲ့ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။