မလေးရှားမှာ မြန်မာနိုင်ငံသား ရာနဲ့ချီ ဖမ်းဆီးခံရ

RFA Burmese
2024.05.20
မလေးရှားမှာ မြန်မာနိုင်ငံသား ရာနဲ့ချီ ဖမ်းဆီးခံရ မလေးရှားနိုင်ငံ၊ ဆန်လန်ဂေါပြည်နယ်၊ ကလန်းမြို့တွင် ဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသားအချို့အား ၂၀၂၄ ခုနှစ်၊ မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။
Facebook/ Jabatan Imigresen Malaysia

မလေးရှားနိုင်ငံမှာ အလုပ်လုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၇၀ ခန့်ကို မေလ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေနဲ့ မလေးရှားရောက်မြန်မာတွေက RFA ကို ပြောပါတယ်။

မလေးရှားနိုင်ငံမှာ နေထိုင်ဖို့နဲ့ အလုပ်လုပ်ကိုင်ဖို့အတွက် အထောက်အထားမပြည့်စုံတဲ့ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရတာဖြစ်ပြီး ဆန်လန်ဂေါပြည်နယ်က ကလန်းမြို့တစ်မြို့တည်းမှာပဲ ဖမ်းဆီးခံရတာပါ။

မေလ ၁၅ ရက်နေ့မှာ ကလန်းမြို့ ဥတ္တမရပ်ကွက်မှာ နေထိုင်သူ မြန်မာနိုင်ငံသား ၁၄၂ ဦးနဲ့ မေလ ၁၆ ရက်နေ့မှာ အီလက်ထရွန်းနစ် စွန့်ပစ်ပစ္စည်းစက်ရုံတစ်ခုက မြန်မာနိုင်ငံသား ၂၈ ဦး ဖမ်းဆီးခံခဲ့ရတာလို့ ကလန်းမြို့မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ ရပ်ကွက် ကလန်းဥတ္တမမှာ ဖြစ်သွားတာ။ ၁၄၂ ယောက် ပါသွားတယ်။ ဗမာလည်းပါတယ်၊ ရခိုင်၊ ထားဝယ်တွေရယ် အားလုံးပေါ့။ မြန်မာနိုင်ငံသားတွေပဲ ပါသွားတာ”

မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနကလည်း မေလ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ အထောက်အထားမဲ့ အလုပ်သမားတွေကို ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ထားပါတယ်။

အခုဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေအပြင် မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ မကြာခဏ ဖမ်းဆီးခံနေရပြီး စာရင်းအတိအကျသိနိုင်ဖို့ ခက်ခဲနေတယ်လို့ မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားတွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

ဧပြီလ ၂၆ ရက်နေ့ကလည်း မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်မှာ အထောက်အထားမဲ့ မြန်မာအလုပ်သမား သုံးဆယ်ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မလေးရှားရုံးရဲ့ ၂ဝ၂၄ ခုနှစ် ဧပြီလကုန်အထိ စာရင်းတွေအရ မလေးရှားနိုင်ငံကတစ်ဆင့် နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူ ၁၉၀,၀၀၀ နီးပါး ရှိတဲ့အထဲမှာ ၁၆၀,၀၀၀ ကျော်က မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။
---------------

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။