သပိတ်ကျင်းမှာ ပြည်သူ့စစ်သင်တန်းဆင်း ခုနစ်ဦး ဖမ်းဆီးခံထားရ
2024.05.22

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ စစ်သင်တန်းဆင်း ခုနစ်ဦးကို ဖမ်းဆီးထားတယ်လို့ သပိတ်ကျင်းတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ဗိုလ်လင်းယုန်အဖွဲ့က မေလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒီအထဲမှာ သပိတ်ကျင်းမြို့နယ်ထဲက စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား နှစ်ဖက်တိုက်ပွဲအတွင်း ဖမ်းဆီးခံရသူတွေလည်းပါဝင်ပြီး ဖမ်းဆီးရမိထားသူတွေကို အရေးယူမှုတွေ ဆက်လုပ်သွားမယ်လို့လည်း ဆိုပါတယ်။
သူတို့ဟာ သပိတ်ကျင်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ် တန်းမြင့်လေ့ကျင့်ရေးကျောင်း တတက အမှတ် (၁၃) မှာ စစ်သင်တန်း တက်ရောက်ခဲ့တာရှိသလို ကျေးရွာတွေမှာပဲ သင်တန်းတက်ခဲ့သူတွေလည်း ပါဝင်ပါတယ်။
ဒီလိုစစ်သင်တန်းတက်ရတာက ရပ်ရွာကာကွယ်ရေးအတွက်ဖြစ်ပြီး သင်တန်းမတက်ရင် ဖမ်းဆီးထောင်ချမယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ခြိမ်းခြောက်တယ်ဆိုတဲ့အကြောင်း ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်တဲ့ ဖမ်းဆီးခံထားရသူတွေရဲ့ ထွက်ဆိုချက်ဗီဒီယိုဖိုင်မှာ တွေ့ရပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
ဖမ်းဆီးခံရသူတွေဟာ သပိတ်ကျင်းမြို့နယ် ပေသောင်၊ ကျောက်ဖြူ၊ လိပ်ကျ၊ လေးမိုင်ကံသာ၊ ခုနစ်မိုင်ချမ်းသာ၊ နဲ့ ချောင်းကြီးရွာတွေမှာ နေထိုင်သူတွေ ဖြစ်ကြပါတယ်။
သပိတ်ကျင်းမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေ၊ ပြည်သူ့စစ်သင်တန်းဆင်းသူတွေအနေနဲ့ ပြည်သူတွေဘက်က ပူးပေါင်းရပ်တည်ကြဖို့ဆိုပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ဗိုလ်လင်းယုန်အဖွဲ့က တိုက်တွန်းထားပါတယ်။