နမ့်ခမ်းမှာ ကလေးပြန်ပေးဆွဲအဖွဲ့ကို TNLA ပစ်ခတ်ဖမ်းဆီး၊ တစ်ဦးသေဆုံးပြီး နှစ်ဦးဖမ်းမိ
2023.10.11

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်အတွင်းမှာ အောက်တိုဘာလ ၉ ရက်နေ့က ကလေးပြန်ပေးဆွဲခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ကို တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဦးဖမ်းမိတယ်လို့ နမ့်ခမ်းဒေသခံတွေက ပြောပါတယ်။
သုံးနှစ်သားကလေးကို ကျောင်းသွားနေတဲ့လမ်းမှာ ပြန်ပေးဆွဲခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နမ့်ခမ်းဒေသခံတစ်ဦးက RFA ကိုပြောပါ တယ်။
“ကျောင်းပို့ဖို့ သွားတဲ့အချိန်မှာ လမ်းဖြတ်ပြီး ကလေးကို ပြန်ပေးဆွဲတာပေါ့။ သုံးနှစ်သား ကလေးဆိုတော့ ဆွဲလား ရမ်းလားတွေဖြစ်တော့ ကလေးလည်း ထိခိုက်ဒဏ်ရာရသွားတယ်။ ကလေးကပါသွားတော့ လမ်းမှာ TNLA နဲ့ တွေ့ပြီး ပစ်ကုန်ကြတာ။ ပြန်ပေးဆွဲအဖွဲ့ကိုလည်း မိတယ်”
ပြန်ပေးဆွဲတဲ့အဖွဲ့မှာ အမျိုးသမီးတစ်ဦးပါဝင်ပြီး တိုယိုတာ (CROWN) ကားအပြာအရောင်နဲ့ အုပ်စုလိုက် လာရောက် ပြန်ပေးဆွဲခဲ့တာလို့ ဒေသခံကဆိုပါတယ်။
TNLA ကလည်း ပြန်ပေးဆွဲတဲ့သတင်းကြောင့် လမ်းမှာစောင့်ပြီး ဖမ်းတဲ့အချိန် အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး အဲဒီအဖွဲ့မှာပါတဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ အောက်တိုဘာ ၁၁ ရက်ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး ပြန်ပေးဆွဲခံခဲ့ရတဲ့ ကလေးငယ်ကိုတော့ မိဘထံ ပြန်အပ်နိုင်ခဲ့တယ်လို့ TNLA ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နမ့်ခမ်းမြို့မှာ စက်တင်ဘာလကုန်ပိုင်းကလည်း အခုလိုပဲ ကလေးပြန်ပေးဆွဲခံရမှုရှိခဲ့ပြီး မိသားစုဝင်တွေက ပြန်လည်လုယူခဲ့တာကြောင့် ကလေးပါမသွားခဲ့ဘူးလို့ နမ့်ခမ်းဒေသခံတစ်ဦးက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း၊ မူဆယ်နဲ့ လားရှိုးမြို့နယ်အတွင်းမှာ ကလေးငယ်တွေ၊ တရုတ်လူမျိုးတွေနဲ့ ဒေသအတွင်းက လုပ်ငန်းရှင်တွေကို အုပ်စုလိုက်ပြန်ပေးဆွဲတဲ့ ကိစ္စတွေနဲ့ နေအိမ်အတွင်း ဝင်ရောက်ဓားပြတိုက်မှုတွေ မကြာခဏဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
ဒီရက်ပိုင်းမှာပဲ လားရှိုးမြို့အတွင်းမှာ လူဦးရေ နှစ်ဆယ်နီးပါးပါဝင်တဲ့ ဓားပြဂိုဏ်းတစ်ခုကို စစ်ကောင်စီရဲ့ လုံခြုံရေးအဖွဲ့တွေက ဖမ်းဆီးရမိခဲ့ပြီး ဘယ်လို အရေးယူ ဆောင်ရွက်မယ်ဆိုတာကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။