ရေနံချောင်းနဲ့ နတ်မောက်မှာ လူ ၁၅၀ ခန့် ဖမ်းဆီးခံရ
2024.04.25

မကွေးတိုင်း၊ ရေနံချောင်းနဲ့ နတ်မောက်မြို့နယ်အတွင်းမှာ စစ်မှုထမ်းဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်က လေးရက်အတွင်း လူ ၁၅၀ ခန့်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ဧပြီလ ၂၅ ရက် ဒီနေ့မှာ ပြောပါတယ်။
ရေနံချောင်းမြို့မှာတော့ ဧပြီလ ၂၅ ရက် ဒီနေ့မနက် ခုနစ်နာရီကျော်အချိန်ကစလို့ စစ်ကောင်စီတပ်သားတွေက လမ်းသွားလမ်းလာ ခြောက်ဆယ်နီးပါးကို ဖမ်းဆီးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနက်က ဆိုင်ကယ်တွေကို တားပြီးဖမ်းတာ။ လူတွေပါသွားတယ်။ အယောက် ခြောက်ဆယ်နီးပါးပါတယ်လို့ ကြားတယ်။ သူတို့ဖမ်းချင်တဲ့အချိန် စောင့်ဖမ်းသွားတာ။ လူပြည့်ပြီဆိုပြီး အခု မဖမ်းတော့ဘူး”
ရေနံချောင်း မြို့ဝင်၊ မြို့ထွက်မှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေက ဖမ်းဆီးတာမဟုတ်ဘဲ ဥယျဉ်စုရွာထိပ်၊ ရွှေဘုံသာရွာနဲ့ ကျွန်းကုန်းရွာ ဇရပ်ကြီးအနီး လမ်းပေါ်တွေမှာ လမ်းသွားလမ်းလာတွေကို ရုတ်တရက် ဝင်ရောက်ဖမ်းဆီးတာလို့ သူကဆိုပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ဒီနေ့ နေ့လယ်ပိုင်းအထိ ပြန်မလွတ်သေးဘူးလို့ ရေနံချောင်းမြို့ခံတွေက ပြောပါတယ်။
နတ်မောက်မြို့နယ်မှာတော့ ဧပြီလ ၂၂ ရက်နေ့ကစလို့ ဒေသခံတွေကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီနေ့အထိ လေးရက်အတွင်းမှာ လူတစ်ရာနီးပါး ဖမ်းဆီးခံထားရတယ်လို့ နတ်မောက်ဒေသခံ တစ်ဦးက ပြောပါတယ်။
“စစ်မှုထမ်း အပတ်စဥ် (၂) အတွက် လူလိုလို့ လိုက်ဖမ်းတာလို့ ကြားတယ်။ ကတ္တရာလမ်းဘေးမှာရယ်၊ မြို့နဲ့ နီးစပ်တဲ့ရွာတွေမှာရယ် အဲဒီလို နေရာတွေမှာ အများဆုံး ဖမ်းကြတယ်။ ပြီးတော့ လမ်းဆုံလမ်းခွတွေမှာ စောင့်ပြီးဖမ်းတယ်။ ညဘက် တောထဲသွားတဲ့သူတွေ၊ ကလေးတွေကို ဝင်ပြီးဖမ်းသွားတယ်ဗျ။ ဒီနေ့အထိ ဖမ်းနေတုန်းပဲ။ ကျွန်တော်တို့ သိရသလောက်ဆိုရင် တစ်ရာနီးပါး နားကပ်သွားပြီဗျ”
ဖမ်းဆီးခံရသူတွေကို နတ်မောက် မြို့မရဲခစန်းကို ခေါ်ဆောင်သွားပြီး အသက်အရွယ်ကြီးရင့်သူနဲ့ ကျန်းမာရေး မကောင်းသူတွေကို ပြန်လွတ်ပေးတာရှိသလို လူတချို့ကိုတော့ ငွေကြေးနဲ့ ပြန်လည် ရွေးယူခိုင်းတာတွေလည်း ရှိနေတယ်လို့ သူကဆိုပါတယ်။
ဖမ်းဆီးခံထားရသူတွေထဲက စစ်မှုထမ်း သတ်မှတ်ချက်ပြည့်မီတဲ့ လူငယ်တွေကိုတော့ ပြန်မလွှတ်ပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
နတ်မောက်မြို့နယ်ထဲမှာ ဖမ်းဆီးခံထားရတဲ့ လူတစ်ရာနီးပါးထဲက လူအရေအတွက် ဘယ်လောက် ပြန်လည်လွတ်မြောက်ခဲ့လဲဆိုတဲ့ အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
စစ်ကောင်စီရဲ့ ဧပြီလ ၂၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာတော့ နတ်မောက်မြို့နယ်က လမ်းသွားလမ်းလာတွေနဲ့ ဒေသခံတွေကို စစ်မှုထမ်းဖို့ နေအိမ်ထဲအထိ လိုက်လံဖမ်းဆီးနေတယ်ဆိုတာ သတင်းအမှားတွေ ဖြစ်တယ်လို့ ဖော်ပြပါတယ်။
မကွေးတိုင်းမှာလိုပဲ ပဲခူးတိုင်း ဖြူး၊ ညောင်လေးပင်၊ မင်းလှ၊ အုတ်ဖို၊ နတ်တလင်းနဲ့ ပေါင်းတည်မြို့နယ်တွေမှာလည်း စစ်မှုထမ်းဖို့အတွက် ဒေသခံတွေကိုဖမ်းဆီးပြီး စစ်သားစုဆောင်းမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။