အဖမ်းခံထားရတဲ့ မန္တလေး ကျောက်ဝိုင်းက တရုတ်လူမျိုးတွေနဲ့ တချို့ပြန်လွတ်လာ

2022.02.02
အဖမ်းခံထားရတဲ့ မန္တလေး ကျောက်ဝိုင်းက တရုတ်လူမျိုးတွေနဲ့ တချို့ပြန်လွတ်လာ မန္တလေး ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းကို တွေ့ရစဉ်
Photo: Citizen Journalist

မန္တလေး၊ မဟာအောင်မြေမြို့နယ် ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းအနီးနဲ့ ကုမ္ပဏီပိုင်နေရာတွေမှာ We Chat အသုံးပြုရောင်းဝယ်နေလို့ အဖမ်းခံခဲ့ရသူ ၄၀၀ ကျော် ထဲက တရုတ်လူမျိုးတွေ အပါအဝင် ၁၈၃ ဦး ပြန်လွတ်လာပါတယ်။

အရောင်းအဝယ်လုပ်တဲ့ ကျောက်မျက်ရတနာတွေ လက်ဝယ်မတွေ့လို့ဆိုပြီး တရုတ်လူမျိုး ၁၈ ဦးနဲ့ မြန်မာလူမျိုး ၁၆၅ ဦးကတော့ ပြန်လွတ်လာတယ်လို့ ရှေ့နေတစ်ဦးက ပြောပါတယ်။

"ကျောက်မျက် လက်ဝယ်မတွေ့လို့ဆိုပြီး ဒီအဖွဲ့ကို ပြန်လွှတ်ပေးလိုက်တယ်။ ကျန်တဲ့ သူတွေကတော့ မူလစွဲဆိုခံထားရတဲ့ ကျောက်မျက်ရတနာဥပဒေနဲ့ ဆက်လက် ရင်ဆိုင်ရမယ်"

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၀ ရက်က တရားမဝင် ကျောက်မျက်ရောင်းဝယ်မှုနဲ့ တရုတ်လူမျိုး ၂၈ ဦးနဲ့ မြန်မာလူမျိုး ၄၂၂ ဦး၊ စုစုပေါင်း လူ ၄၅၀ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

ဖမ်းဆီးခံခဲ့ရသူတွေဟာ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ ၅၂ (ခ) ၊ ၅၄ အရ လိုင်စင် မရှိဘဲ တရားမဝင် လုပ်ကိုင်တယ်ဆိုတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ခံခဲ့ရတာဖြစ်တယ်။

ကိုဗစ်ဖြစ်လို့ အဲဒီကျောက်ဝိုင်း ပိတ်ထားကတည်းက ကျောက်ဝိုင်းရဲ့အပြင်ဘက်မှာ ဖြစ်သလို ရောင်းဝယ်နေကြသလို ကျောက်ဝိုင်းထဲမှာလည်း ဗုံးတွေ ပေါက်ခဲ့ဖူးတာတွေ ကြောင့် လို့လည်း ဒေသခံတွေက ပြောပါတယ်။

စွဲဆိုခံထားရတဲ့ ပုဒ်မတွေအရဆိုရင် ထောင်ဒဏ် သုံးနှစ် သို့မဟုတ် တစ်နှစ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်တယ်လို့ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေမှာ ဖော်ပြထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။