ရွှေကူမြို့နယ်မှာ တိုက်ပွဲဖြစ်ပြီးနောက် ဒေသခံ ၃၀ ကျော် အဖမ်းခံထားရ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ၂၃ ရက်နေ့ကစလို့ ဒီနေ့အထိ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ PDF အဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားနေပြီး မတ်လ ၂၉ ရက်နေ့က ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ နန့်လန်၊ နောင်လက်ကြီး၊ ဆီမူလေးကျေးရွာတွေကဖြစ်ပြီး လူငယ်တွေအများစု ပါဝင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ရွာသား ၃၀ ကျော်ကိုက မနေ့က မနက်ဖမ်းသွားတာ၊ အခုထိပြန်မလွှတ်သေးဘူး။ ဘယ်ကိုခေါ်သွားတာလဲ မသိဘူး။ အကုန် အရပ်သားတွေချည်းပဲ။ တိုက်ပွဲဖြစ်နေတာ ကလည်း ဒီနေ့ဆို ရှစ်ရက်ရှိပြီ။ ဒီနေ့ထိလည်း တိုက်ပွဲဖြစ်နေတုန်းပဲ"
နှစ်ဘက်တိုက်ပွဲပြင်းထန်နေတဲ့အတွက် ဆီမူလေး၊ ဆီမူကြီး၊ စီတောင်၊ မံဝိန်း၊ နန့်လန်၊ နောင်လက်ကြီး၊ ဝင်ဝ၊ စီသာ အစရှိတဲ့ ကျေးရွာက ဒေသခံတွေဟာ ရွှေကူမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။
ဒီနေ့ နေ့လယ်ပိုင်းကတော့ ရွှေကူမြို့နယ်၊ မံဝိန်းကျေးရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲခဲ့တယ်လို့ နောက်ထပ် အမည်မဖော်လိုတဲ့ ရွှေကူဒေသခံတစ်ဦးက ပြောပါတယ်။
"ဒီနေ့လည်း လေကြောင်းနဲ့ ကြဲသွားတယ်။ ဂျက်ဖိုက်တာ နှစ်စီးနဲ့ လာပစ်သွားတယ်။ မံဝိန်း ရွာဦးနဲ့ ရွာမီးပိုင်း လောင်သွားတယ်။ အခုထိ လောင်နေတုန်းပဲ။ မလောင်တဲ့ အိမ်တွေကိုလည်း ထပ်ရှို့နေကြတယ်။ မံဝိန်း၊ စီသာ၊ စီတောင် အဲတစ်ကြောက ပြည်သူတွေလည်း အကုန် ထွက်ပြေးနေရတယ်။ ထွက်ပြေးရတဲ့လူဦးရေ အတိအကျ တော့ မသိဘူး။ မြို့ပေါ်ကို ထွက်ပြေးတဲ့သူတွေကိုလည်း စကစတွေက ပြန်မောင်းထုတ် နေကြတယ်"
ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ၂၃ ရက်နေ့ကစလို့ စစ်ကောင်စီ တပ်မ ၇၇ နဲ့ တပ်မ ၁၀ ပူးပေါင်းတပ်တွေ ဝင်ရောက်လာပြီးနောက် တိုက်ပွဲဖြစ်ပွားနေကြတာလို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေနဲ့ အရပ်သားတွေ ဖမ်းဆီးခံရတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီက တရားဝင် သတင်းထုတ်ပြန်ထားတာမရှိသေးသလို စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က ဒီနေ့ နေ့လယ်က ဆက်သွယ်ခဲ့ရာမှာလည်း အကြောင်းမပြန်ပါဘူး။