တနင်္သာရီက မြို့နယ်သုံးခုမှာ တစ်ပတ်အတွင်း ဒေသခံ ၁၇ ဦး ဖမ်းဆီးခံရ

RFA Burmese
2024.05.22
တနင်္သာရီက မြို့နယ်သုံးခုမှာ တစ်ပတ်အတွင်း ဒေသခံ ၁၇ ဦး ဖမ်းဆီးခံရ တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အား ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

တနင်္သာရီတိုင်း၊ ထားဝယ်၊ မြိတ်နဲ့ တနင်္သာရီမြို့နယ်တွေမှာ တစ်ပတ်အတွင်း အရပ်သား ၁၇ ဦးအထိ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက မေလ ၂၂ ရက်နေ့မှာ RFA ကို ပြောပါတယ်။

မြိတ်မြို့နယ်နဲ့ တနင်္သာရီမြို့နယ်တွေမှာရှိတဲ့ လသာရွာနဲ့ ရမ်းဖိုရွာတွေက ဒေသခံခြောက်ဦးကို မေလ ၂၀ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ ထားဝယ်မြို့ပေါ်မှာတော့ အရပ်သား ၁၁ ဦးကို အခုတစ်ပတ်တွင်းမှာ ဖမ်းဆီးခဲ့တယ်လို့ ထားဝယ်မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က မသင်္ကာတဲ့လူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကိုထောက်ပံ့တယ်လို့ ယူဆရတဲ့သူတွေကို လိုက်လံဖမ်းဆီးခဲ့တာလို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုကော်မတီရဲ့ ဦးဆောင်ကော်မတီဝင် ကိုမင်းလွင်ဦးက RFA ကိုပြောပါတယ်။

“တိုက်ပွဲက ခပ်စိပ်စိပ်ဖြစ်လာတဲ့အခါ သူတို့ မသင်္ကာတဲ့သူတွေကို ထောက်ပို့လုပ်နေတယ်၊ PDF တွေကို ကူညီနေတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဖမ်းတယ်။ သူတို့ဖမ်းပြီးတာနဲ့ ဖုန်းတွေစစ်တယ်။ စစ်တဲ့အခါ မသင်္ကာစရာတွေတွေ့ရင် ပြန်မလွှတ်ဘဲနဲ့ သက်ဆိုင်ရာနေရာကိုပို့ပြီး ဖမ်းလိုက်တယ်။ တချို့တွေဆိုရင်လည်း ပိုက်ဆံနဲ့ ပြန်ထုတ်ခိုင်းတာရှိတယ်။ တချို့နေရာတွေမှာဆိုရင် ပေါ်တာဆွဲသလို သူတို့လက်နက်ခဲယမ်းတွေ ထမ်းခိုင်းတယ်”

ထားဝယ်မြို့မှာတော့ အိမ်ရှေ့ပြင်ရပ်ကွက်က အမျိုးသားသုံးဦး၊ ဗျောတော၀ရပ်ကွက်က လူငယ်ခြောက်ဦးနဲ့ ထားဝယ်မြို့ပေါ်က ဇနီးမောင်နှံနှစ်ဦးတို့ အခုရက်ပိုင်းတွေအတွင်း ဖမ်းဆီးခံရတာလို့ သူကဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုတွေရှိနေတဲ့ လောင်းလုံး၊ ရေဖြူ၊ ပုလောနဲ့ တနင်္သာရီမြီု့နယ်တွေမှာတော့ စစ်ကြောင်းဝင်ရောက်လာချိန် ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးတာတွေ မကြာခဏပြုလုပ်လေ့ရှိတယ်လို့ တနင်္သာရီတိုင်းအခြေစိုက် သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Tanintharyi ရဲ့ တာဝန်ရှိသူ ကိုကျော်က ပြောပါတယ်။

“စစ်တပ်က ရွာတွေထဲကို စစ်ကြောင်းထိုး ဝင်လာတဲ့အချိန်မှာ ဖမ်းသွားတာတွေရှိတယ်။ တချို့လည်း နာရီပိုင်းအတွင်း ပြန်လွတ်တယ်။ တချို့လည်း ရက်ပိုင်းကြာတယ်။ တချို့က ပြန်မလွတ်ဘဲနဲ့ အဖမ်းခံထားရတာတွေရှိတယ်။ စစ်ကြောင်းထိုးလာရင်တော့ ရွာသားတွေ အများဆုံး ဖမ်းဆီးစစ်ဆေးခံရတာတွေရှိတယ်။ ပြန်လွတ်တာတွေရှိသလို မလွတ်တဲ့သူတွေလည်း ရှိပါတယ်"

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာတော့ တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်စစ်ကြောင်းတွေက ဖမ်းဆီးခဲ့သူဦးရေ ၁၀၄ ဦးထဲက ၈၆ ဦး ပြန်လည်လွတ်မြောက်ခဲ့ပြီး ဒေသခံနှစ်ဦး သေဆုံးခဲ့တယ်လို့ FE5 Tanintharyi ရဲ့ လစဉ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။