အစိုးရစစ်တပ်က SSA (မြောက်ပိုင်း) ကို ဆွေးနွေးရေးကမ်းလှမ်း
2011.04.06

အဲဒီလို စေ့စပ်ညှိနှိုင်းမယ်ဆိုရင် SSA မြောက်ပိုင်းတပ်ရဲ့ တပ်မဟာ (၁) နယ်မြေမှာ ဝင်ရောက် နေရာယူထားတဲ့ စစ်အစိုးရတပ်တွေ အရင်ဆုံး ပြန်ပြီးရုပ်သိမ်းရမယ်လို့ SSA မြောက်ပိုင်းအဖွဲ့က အကြောင်းပြန် ထားတယ်လို့လည်း သိရှိရပါတယ်။
ဒါ့အပြင် စစ်အစိုးရ ထိုးစစ်ကြောင့် ပျက်ဆီးဆုံးရှုံးမှုတွေကို ပြန်လျော်ဖို့နဲ့ SSA မြောက်ပိုင်းတပ်ကို သတ်မှတ်ပေးထားတဲ့ အရင်ရှိတဲ့ နယ်မြေအတိုင်း ပြန်နေခွင့်ပြုရမယ်လို့ ပြန်ကြားထားတာကိုလည်း SSA မြောက်ပိုင်းနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်အရ သိရပါတယ်။
“သူတို့ရဲ့ ပျက်စီးဆုံးရှုံးမှုတွေ လျော်ကြေးပြန်တောင်းတယ်။ နောက် ရပ်ရွာတွေ ပျက်စီးတာတို့ ဒီ လက်နက်ကြီးနဲ့ ထုတာပေါ့လေနော်၊ ပြန်ပြီးတော့ ပေးဆပ်လျော်ရမယ်။ နောက် သူတို့ရဲ့ SSA လှုပ်ရှားတဲ့ ဂွင်ပေါ့၊ သတ်မှတ်ထားတဲ့ ဂွင်အတိုင်းပဲ သူတို့ နေသွားမယ်။ နဝတက ဘာပြောလဲဆိုတော့ နမ့်ပန်ချောင်း အရှေ့ဖက်ပေါ့နော်၊ မကျော်ပါနဲ့တဲ့။ သူတို့ တောင်းဆိုတာပေါ့။ စစ်ရေး ရပ်စဲမယ်၊ SSA က လက်မခံဘူး။”
နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံခဲ့တဲ့ ဗိုလ်ချုပ်ပန်ဖ ဦးဆောင်တဲ့ SSA မြောက်ပိုင်း တပ်ကို စစ်အစိုးရတပ်က ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ကနေ စပြီး ထိုးစစ်ဆင်နေတာပါ။ စစ်ရေး သတင်းတွေအရ မတ်လ ၁၃ ရက်နေ့ကနေ ၂၃ ရက်နေ့ထိ ထိုးစစ်မှာ စစ်အစိုးရတပ်ဖက်က ၁၃ ယောက် ကျဆုံးတယ်လို့ သိရပါတယ်။
ဧပြီလ ၁ ရက်နေ့ကလည်း မိုင်းရယ်ဒေသခံ စစ်တပ်က လူထု အစည်းအဝေးတခု ပြုလုပ်ပြီး SSA မြောက်ပိုင်းတပ်ကို စစ်ကြောင်း မထိုးတော့ဘူးလို့ ပြောဆိုကြောင်း သိရပါတယ်။
ဆွေးနွေးပွဲ ကျင်းပဖြစ်ရင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ပန်ဖ ကိုယ်တိုင် တက်ရောက်မှာ မဟုတ်ပဲ ကိုယ်စားလှယ်ပဲ လွှတ်မယ်လို့လည်း ဆိုပါတယ်။
နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်ခံထားတဲ့ SSA မြောက်ပိုင်း တပ်မဟာ (၃) နဲ့ တပ်မဟာ (၇) က အင်အားနည်းပြီး၊ အသွင်ကူးပြောင်းရေးကို လက်မခံတဲ့ တပ်မဟာ (၁) ဘက် မှာတော့ အင်အားပိုများတယ်လို့ တိုင်းရင်းသားအဖွဲ့တွေက ပြောပါတယ်။
စစ်အစိုးရဟာ အပစ်ရပ်ထားတဲ့ တိုင်းရင်းသားအဖွဲ့တွေထဲမှာ သူတို့ အမိန့်ကိုမနာခံတဲ့ အဖွဲ့တွေထဲက အင်အားအနည်းဆုံး ကိုးကန့်အဖွဲ့ကို ထိုးစစ်ဆင် အနိုင်ယူပြီးတဲ့နောက်မှာ ဒုတိယ အင်အားအနည်းဆုံးလို့ ယူဆတဲ့ ဗိုလ်ချုပ် ပန်ဖ ဦးဆောင်တဲ့ SSA မြောက်ပိုင်းတပ်ကို ထိုးစစ်ဆင်လာတာလို့ လက်နက်ကိုင် တိုင်းရင်းသားအင်အားစုတွေက သုံးသပ် ပြောဆိုကြပါတယ်။