ငြိမ်းချမ်းရေးကို လျစ်လျူရှုတယ်ဆိုတဲ့ စွပ်စွဲချက်ကို TNLA ငြင်းဆို
2018.01.04
ကချင်လွတ်မြောက်ရေး တပ်မတော် KIA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ဟာ ပြည်သူတွေလိုလားနေတဲ့ ငြိမ်ချမ်းရေးကို လျစ်လျုရှုပြီး လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို ရေရှည်လျှောက် လှမ်းဖို့ ကြိုးစားနေတယ်ဆိုတဲ့ တပ်မတော်ရဲ့ စွပ်စွဲချက်ဟာ မဟုတ်မှန်ကြောင်းနဲ့ မြန်မာစစ်တပ်က တိုင်းရင်းသား နယ်မြေတွေကို ထိုးစစ်ဆင်လာတာကြောင့် ခုခံစစ်ဖြစ်ရတာလို့ TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့က တွေ့ဆုံဆွေးနွေးမှုကိုသာ လိုလာပြီး တိုက်ပွဲမဖြစ်အောင် ရှောင်ရှားလိုပေမယ့် တပ်မတော်က အင်အားအပြည့်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောပါတယ်။
"ဒါကကြည့်ရင် အသိသာကြီးပါ။ ကျနော်တို့က ထိုးစစ်ပြုလုပ်တာ မဟုတ်ဘူး။ ကျနော်တို့က ခံစစ်ပဲ။ ခုတိုက်ပွဲဖြစ်နေတာက ဟိုးပြည်မမှာနေတဲ့ တပ်မအဖွဲ့တွေ ထိုးတက်လာတယ်၊ တပ်မ ၈၈၊ တပ်မ ၇၇ ၊ တပ်မ ၆၆၊ တပ်မ ၁၁ အဲဒီပုံစံမျိုး တက်လာတယ်၊ ဒါက ဘယ်သူက ထိုးစစ်လဲ၊ ဘယ်သူက စစ်ကိုလိုက်ရှာတာလဲ၊ တိုက်ပွဲမဖြစ်အောင် ကျနော်တို့က ရှောင်တယ်။ တိုက်ပွဲမဖြစ်ဖြစ်အောင် တပ်မတော်က ထိုးတက်လာတယ်၊ ဘယ်လိုမှ ရှောင်ရှားမရတော့ တိုက်ပွဲဖြစ်တယ်၊ ကျနော်တို့က တွေ့ဆုံဆွေးနွေးမှုကိုပဲ အချိန်မရွေးပြုလုပ်လို တယ်လို့ မကြာခဏထုတ်ပြန်တယ်၊ အစိုးရဘက်က ဘာမှတွေ့ဆုံဆွေးနွေးမှု လမ်းစကိုမရှာဘူး၊ ထိုးစစ်ပဲ အဖြေရှာနေတယ်"
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့က ထုတ်ပြန်တဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA နဲ့ တအာင်းပလောင် TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့တို့ဟာ ပြည်သူတွေလိုလားနေတဲ့ ထာဝရငြိမ်းချမ်းရေးကို လျစ်လျူရှုပြီး အစိုးရနဲ့ တပ်မတော်တို့ရဲ့ ငြိမ်းချမ်းရေးမူဝါဒ လမ်းစဉ်ကို လက်နက်ကိုင်အကြမ်းဖက်နည်းနဲ့ ဆန့်ကျင်ဖို့ ရည်ရွယ်လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။
တပ်မတော်ဘက်က ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသဘက်မှာ ထိုးစစ်ဆင်မှုတွေများလာရင် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလက မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ကွတ်ခိုင်၊ မုံးကိုး စတဲ့ ဒေသတွေက တပ်စခန်းတွေကို မြောက် ပိုင်းမဟာမိတ်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သလိုမျိုး တိုက်ပွဲဧရိယာ ကျယ်ပြန့်သွားမလားဆိုတာ မပြောနိုင်သေး ဘူးလို့ TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။
ဒါ့အပြင် လက်ရှိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေဟာ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်တွေဖြစ်တဲ့ KIA ၊ TNLA နဲ့ ကိုးကန့်အဖွဲ့ MNDAA တို့ပူးပေါင်း တိုက်ခိုက်တာလို့လည်း သူကပြောပါတယ်။
KIA နဲ့ TNLA အဖွဲ့က မူဆယ်မြို့နယ် မိုင်းယုကျေးရွာအနီးက ပြည်ထောင်စုလမ်းမကြီးပေါ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မူကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့က ဒေသခံ တိုင်းရင်းသားပြည်သူတစ်ဦး သေဆုံးခဲ့ရပြီး ပြည်သူ သုံးဦးနဲ့ နွား ၁၆ ကောင်ထိခိုက်ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
TNLA အဖွဲ့က ဗိုလ်မှူး မိုင်းအိုက်ကျော်က တပ်မတော်ရဲ့ ကင်စခန်းတွေနဲ့ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမ တစ်လျှောက်မှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာရှိပေမယ့် TNLA က ပစ်ခတ်မူကြောင့် ဒေသခံတွေ ထိခိုက်သေ ဆုံးခဲ့တာမဟုတ်ပဲ တပ်မတော်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်မူကြောင့် သေဆုံံးခဲ့ရတာလို့ ဆိုပါတယ်။
TNLA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့ပေါ်ကို ထွက်ပြေးလာရတဲ့ စစ်ဘေးရှောင် ဒုက္ခသည် တစ်ထောင်ကျော်ရှိနေပြီဖြစ်သလို ကချင်ပြည်နယ် တနိုင်းဒေသနဲ့ လိုင်ဇာ ဘက်မှာလည်း အစိုးရတပ်နဲ့ KIA တို့ ပြီးခဲ့တဲ့ ရက်ပိုင်းအထိ နေ့စဉ်တိုက်ပွဲဖြစ်ခဲ့ပါတယ်။