အစိုးရတပ်တွေ ကချင်ရွာတွေကို မီးရှို့

KIA ကချင်လွတ်မြောက်ရေးတပ်နဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့နေရာမှာ အစိုးရတပ်တချို့ ဆုတ်ခွာရင်း ကချင် ကျေးရွာတွေကို မီးရှို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။

2011.09.17

အခုလို ရွာတွေကို မီးရှို့တာဟာ အစိုးရတပ်တွေ အကျအဆုံး များတာကြောင့် ဖြစ်တယ်လို့ KIO ဘက်က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့က စပြီး ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ မြန်မာအစိုးရတပ် ခလရ (၃၇)၊ (၂၉) နဲ့ (၄၃၈) တို့ ပူးပေါင်းတပ်ဖွဲ့ အင်အား ၃ ရာလောက်က KIO ဗဟိုဌာနချုပ်နဲ့ မလှမ်းမကမ်းက KIA တပ်တွေကို ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ KIA ဘက်က ပြောက်ကျားနည်းနဲ့ တုန့်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲတွေမှာ အစိုးရဘက်က ကျဆုံး၊ ဒဏ်ရာရသူ စစ်သည် ၃ဝ လောက် ရှိနိုင်တယ်လို့ KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်းက ပြောပါတယ်။

အစိုးရတပ်တွေဟာ လွန်ခဲ့တဲ့ သုံးရက်လောက်က စပြီး ပြန်လည် ဆုတ်ခွာနေရာမှာ လမ်းကြောင်းတလျှောက် ကချင် ကျေးရွာတချို့ မီးရှို့ခံခဲ့ရပါတယ်။ မနေ့က ညပိုင်းမှာ ‘နမ်ဆမ်ရန်’ ရွာ မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး ရှေ့တန်းရှိ KIO အရာရှိတဦးက အခုလို ပြောပြပါတယ်။

“တပ်မတော်ရဲ့ စခန်းထိုင်တဲ့ အနားက ရွာကို သွားမီးရှို့တာပါ။ မနေ့ညက မိုးချုပ်ခါနီးမှာ ရှို့တယ်။ အမှတ် (၃၇) တပ်ရင်းက အဖွဲ့တွေ။ သူတို့က KIA ဘက်ကနေ စစ်ရှုံးပြီးတော့ထွက်လာတော့ မကျေမနပ်ဖြစ်ပြီး မီးရှို့တာ။ စခန်းနားမှာ ရှိတဲ့ရွာတွေကို လိုက်ပြီး မီးရှို့ပြီး ရှင်းထားတဲ့သဘောပေါ့”

အလားတူ မနေ့က ညနေပိုင်းကလည်း အစိုးရတပ်တွေဟာ မြစ်ကြီးနားကနေ လိုင်ဇာမြို့ကို လာနေတဲ့ ခရီးသည်တင်ကားတွေ စုဝေး ရပ်နားနေကြတဲ့ နေရာကို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ကား၂ စီး ပျက်စီးပြီး ထိခိုက် ဒဏ်ရာရသူတွေ ရှိတယ်လို့ ဦးလာနန်းက ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်းကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။