စစ်တွေမှာ စစ်တပ်အရာရှိတစ်ဦး ဖမ်းဆီးခံရပြီးနောက် မြို့အနှံ့ ပိတ်ဆို့စစ်ဆေးနေ

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဇွန်လ ၂၃ ရက် ဒီနေ့ နေ့လယ်လောက်က သုံးပွင့်အဆင့်ရှိတဲ့ စစ်တပ်အရာရှိ တစ်ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မြို့အဝင်၊ အထွက်လမ်းတွေကို ပိတ်ဆို့စစ်ဆေးနေတယ်လို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။
စစ်တွေမြို့ အနောက်စံပြ၊ မြောက်စံပြရပ်နဲ့ မင်းဂံရပ်ကွက်တွေမှာ စစ်ကောင်စီတပ်သား တွေက လက်နက် အပြည့်အစုံနဲ့ သံသယရှိသူကို ရှာဖွေစစ်ဆေးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီလူကိုသိလား၊ ဟိုလူကိုသိလားဆိုပြီး နာမည်နဲ့တကွ မေးတယ်။ မသိဘူးဆိုရင် သူတို့ က မမေးတော့ဘူး။ အခု နေအိမ်တွေကိုတော့ မစစ်ဆေးသေးဘူး။ နေအိမ်တွေကိုလည်း တစ်အိမ်ဝင် တစ်အိမ်ထွက်စစ်ဆေးမယ်လို့ ပြောပါတယ်”
လက်ရှိမှာ အရပ်သားအချို့ ဖမ်းဆီးခံထားရတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် RFA အနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်တပ်အရာရှိတစ်ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားတာ၊ မြို့ကိုပိတ်ဆို့ စစ် ဆေးနေတာ၊ အရပ်သားအချို့ ဖမ်းဆီးခံရတာ စတဲ့ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ကို RFA က ဖုန်းနဲ့ဆက် သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
အဲဒီစစ်တပ်အရာရှိကို အေအေ အဖွဲ့က ဖမ်းဆီးသွားတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ ရက္ခိုင့် တပ်တော် (AA) ဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း စတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၀ ကျော်ကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီတပ်ကလည်း အရပ်သား ၁၀၀ ခန့် ဖမ်းဆီးထားတယ် လို့ ဒေသခံတွေက ပြောပါတယ်။