ကျုံထော်ရွာအနီး ပစ်ခတ်မှုဖြစ်


2017.10.21
dkba-sawsanaung-622 DKBA ခွဲထွက်အဖွဲ့မှ တပ်သားတချို့ကို တွေ့ရစဉ်
Photo: Saw San Aung/ Facebook

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်က ကျုံထော်ရွာအနီးမှာ တပ်မတော်၊ နယ်ခြားစောင့်တပ် ပူးပေါင်းအဖွဲ့နဲ့ DKBA ခွဲထွက်အဖွဲ့တို့အကြား ဒီရက်ပိုင်းအတွင်း ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ နယ်ခြားစောင့်တပ်က ဗိုလ်မှူး နိုင်မောင်ဇော်က ပြောပါတယ်။

ပြီးခဲ့တဲ့ လေးရက်လောက်ကစပြီး ပစ်ခတ်မှုတွေဖြစ်ခဲ့တာကြောင့် နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ဗိုလ်မှူး နိုင်မောင်ဇော်က ပြောပါတယ်။

"တိုက်ပွဲရယ်လို့ မဟုတ်ဘူး။ ထိတွေ့မှုတွေ အနည်းငယ်ရှိနေလို့လေ။ ပြီးခဲ့တဲ့ ၃ - ၄ ရက်ကတည်းက စနေတာပေါ့။ အဓိကတော့ ကိုယ်တို့လမ်းကင်းတွေပေါ့။ လမ်းကင်းယူထားတဲ့အဖွဲ့တွေကို သူတို့ မိုင်းလာ ဆွဲတာတွေ၊ ချောင်းပစ်တာတွေ အဲဒီလိုမျိုးတွေ ရှိတယ်လေ။ သူတို့ဘက်ကလည်းရှိတယ်။ တပ်ကလည်း ရှိတယ်။ ကိုယ်တို့ဘက်ကလည်း နည်းနည်းရှိတယ်။ စိုးရိမ်စရာအနေအထားမျိုးတော့ မရှိဘူးပေါ့နော်။ ပွန်းပဲ့တဲ့အနေအထားမျိုးတွေတော့ ရှိတာပေါ့"

ပစ်ခတ်မှုတွေကြောင့် ဒဏ်ရာရရှိသူ ၄ ဦးလောက်ရှိတယ်လို့ ပြောပါတယ်။

ပစ်ခတ်မှုတွေ ဖြစ်နေတဲ့အတွက် ခရီးသွားတွေ လာရောက်လည်ပတ်လေ့ရှိတဲ့ ကျုံထော်ရေတံခွန်ကိုလည်း လည်ပတ်ခွင့်ပိတ်ထားပြီး အဲဒီပတ်ဝန်းကျင်မှာ မိုင်းတွေလိုက်ဖော်နေတယ်လို့ သိရပါတယ်။

တပ်မတော်၊ နယ်ခြားစောင့်တပ် ပူးပေါင်းအဖွဲ့နဲ့ DKBA ခွဲထွက်အဖွဲ့ကြားမှာ ပြီးခဲ့တဲ့နှစ်ကစပြီး ကရင်ပြည်နယ် မဲသဝေါဒေသမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲတွေကြောင့် မဲသဝေါဒေသက ဒေသခံ ၅၀၀၀ ကျော်ဟာ အခုအချိန်အထိ မြိုင်ကြီးငူ ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်ပိုင်းကလည်း ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့် တပ်ဘက်က ၄ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။