စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန် ဖို့ မိုင်းရှင်းရန်လိုအပ်
2016.09.23

မြိုင်ကြီးငူဒေသမှာ ခိုလှုံနေရတဲ့ မဲသဝေါဒေသခံ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ရင် လုံခြုံဖို့အတွက် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ BGF ကမိုင်းရှင်းလင်းရေး ဆောင်ရွက်နေတယ်လို့ နယ်ခြားစောင့်တပ်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
လတ်တလောမှာ နေရပ်ပြန်ချင်တဲ့ မဲသဝေါ ဒေသခံတွေအနေနဲ့ မိုင်းအန္တရာယ်တွေရှိတာကြောင့် ကန့်သတ် နယ်မြေတွေ သတ်မှတ်ထားမှာဖြစ်ပြီး မိုင်းရှင်းပြီးမှ လွတ်လွတ်လပ်လပ် သွားခွင့်ပြုမယ်လို့ နယ်ခြားစောင့်တပ်ဖွဲ့ က ဗိုလ်မှူးနိုင်မောင်ဇော်က ပြောပါတယ်။
"ပြန်မယ်ဆိုလည်း ပြန်လို့ရတဲ့ အနေအထားမျိုးပေါ့နော်။ ရောက်မယ်ဆိုလည်း အခုက သူတို့ ရွာတိုင်း ရွာတိုင်းမှာ ကိုယ်တို့ တပ်ဖွဲ့တွေ ရှိပြီးသားပဲလေ။ တပ်ဖွဲ့တွေ ရှိပြီးသားဆိုတော့ အကုန်လုံးလည်း မှာထားပြီးသား။ ရွာသားတွေ ပြန်ရောက်ရင် ကျေးရွာလူကြီးရှိမယ်လေ။ ရွာသားတွေနဲ့ တွေ့ဆုံ ပြီးတော့ ကန့်သတ်နယ်မြေတွေတော့ ကန့်သတ်ပေးထားမှာပေါ့။ အဲဒီ အထဲကို ရွာသားတွေ မသွားရ ဘူး။ လောလောဆယ်မှာ မိုင်းရှင်းနေတယ်။ မိုင်းရှင်းပြီးလို့ စိတ်ချ လက်ချ ရှင်းပြီးပြီဆိုရင် သူတို့ သွားလာလို့ရပြီ။"
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေ၊ လမ်းမတွေ၊တောစပ်တွေမှာ ထိုင်းနိုင်ငံလုပ် M150 အချိုရည် ပုလင်းခွံတွေ နဲ့ ပြုလုပ်ထားတဲ့ လက်လုပ်မိုင်းတွေ၊ ရေပိုက်တွေနဲ့ပြုလုပ်တဲ့ လက်လုပ်မိုင်းတွေ၊ တိုက်မိုင်း၊ နင်းမိုင်းတွေ အများအပြားရှိနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ကျေးရွာက ကျေးရွာအုပ်ချုပ်ရေမှူး တစ်ယောက် မိုင်းထိပြီးသေဆုံးခဲ့ပါတယ်။
လက်ရှိအချိန်မှာ မြိုင်ကြီးငူ-မဲသဝေါလမ်းတစ်လျှောက် တိုက်ပွဲတွေမရှိတော့မယ့် ချောင်းမြောင်းပစ်ခတ် တာတွေရှိနေသေးပြီး ကျေးရွာတိုင်းမှာ လုံခြုံရေးတွေချထားပါတယ်။
စက်တင်ဘာလ အစပိုင်းကတည်းက မဲသဝေါဒေသမှာ တပ်မတော်၊ နယ်ခြားစောင့်တပ်နဲ့ DKBA ခွဲထွက် တပ်တွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြိုင်ကြီးငူဒေသကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ကျေးရွာ ၂၂ ရွာက စစ်ဘေးဒုက္ခသည် လေးထောင်ကျော်ရှိနေပါတယ်။