မြိုင်ကြီးငူ ဒုက္ခသည်စခန်းမှာ ဒုက္ခသည် ၅ ထောင်ကျော်အထိ တိုးလာ
2016.10.02

ကရင်ပြည်နယ် မာနယ်ပလောဒေသဘက်ကို ဒီကေဘီအေခွဲထွက်အဖွဲ့တွေ ရောက်ရှိလာတယ်ဆိုတဲ့ သတင်းတွေကြောင့် အဲဒီဒေသဘက်က ဒေသခံတွေဟာ မြိုင်ကြီးငူဒေသက စစ်ဘေးဒုက္ခသည်စခန်းကို ထွက်ပြေးလာကြတဲ့အတွက် ဒုက္ခသည်အရေအတွက် ၅ ထောင်ကျော်နေပြီဖြစ်တယ်လို့ ဒုက္ခသည်စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။
တစ်နေ့ကို မိသားစု ဆယ်စုကျော် လာရောက်နေဆဲဖြစ်တယ်လို့ မြိုင်ကြီးငူဒေသရဲ့ စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံ ဦးနေလင်းထက် က ပြောပါတယ်။
"အခုရက်ပိုင်းမှာ တစ်နေ့တစ်နေ့ကို အိမ်ထောင်စု ၁၀ စု ၁၅ စု ဝန်းကျင်တော့ ရောက်လာနေ တယ်ပေါ့နော်။ မော်တော်ကားလေး တစ်စီး၊ နှစ်စီး၊ သုံးစီး။ အဲဒီ ရွာလေးတွေကတော့ သူတို့ လာရောက်နေ တုန်းပါပဲ။ ထပ်တိုးလာတယ်ဆိုတဲ့ အပိုင်းကတော့ ဟိုးသိပ်အလှမ်းကွာဝေးတဲ့ ကျေး ရွာတွေက သူတို့ လည်း နေရေးထိုင်ရေး မနေရဲကြတဲ့ အပိုင်းတွေ ရှိတာပေါ့။ ရှိလာတဲ့အပေါ်မှာ ဒီကို ရှောင်တိမ်းလာတဲ့ သဘောပါ"
ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့ကစပြီး ကရင်ပြည်နယ် မဲသဝေါ ဒေသမှာ DKBA ခွဲထွက် အဖွဲ့နဲ့ တပ်မတော်၊ နယ်ခြားစောင့်တပ်ဖွဲ့ BGF တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီ တိုက်ပွဲတွေကြောင့် မဲသဝေါဒေသကနေ မြိုင်ကြီးငူဒေသမှာ စစ်ဘေးတိမ်းရှောင်ပြီး ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက်ဟာ ၄ ထောင် နီးပါးလောက် ရှိခဲ့ပေမယ့် လက်ရှိမှာ စစ်ဘေး ဒုက္ခသည် ၅ ထောင် ကျော်ရှိနေပြီ ဖြစ်ပါတယ်။