ရွှေခိုးတူးတဲ့ တရုတ်တွေ တပ်မတော် ဖမ်းဆီး
2016.08.05

ကချင်ပြည်နယ် ဟူးကောင်းဒေသ ဖားကန့်မြို့နယ် ရှဒူးဇွပ်ကျေးရွာတစ်ဝိုက်မှာ ရွှေခိုးတူးဖော်နေတဲ့ တရုတ်နိုင်ငံသားတွေနဲ့ ရွှေတူးဖော်ရာမှာ အသုံးပြုတဲ့ စက်ယန္တရားတွေကို တပ်မတော်က ဖမ်းဆီးရမိခဲ့ပါတယ်။
တရုတ်နိုင်ငံသားရှစ်ဦး၊ ရွှေဖောင်လေးခုနဲ့ ဘက်ဟိုးမြေတူးစက်အပါအဝင် ယာဉ်စက်ယန္တရားတွေကို မိုးကောင်းမြို့ရဲစခန်းမှာ သတ္တုတွင်းအက် ၃၀ (က) နဲ့ အစိုးရတပ်မတော်က အမှုဖွင့်ထားတယ်လို့ ပြည် နယ်ရဲတပ်ဖွဲ့ရုံးက ဒုတိယရဲမှူးကြီး မြင့်ထူး က ပြောပါတယ်။
"နယ်မြေခံစစ်ကြောင်းတွေနဲ့ ရှင်းလင်းတဲ့အချိန်မှာ အားလုံးဘက်ဟိုးကတော့ ကျနော်တို့ ၆ စီးပေါ့၊ တရုတ်နိုင်ငံသားတော့ ၈ ဦးပေါ့၊ ရွှေဖောင်ကတော့ ၄ စီးပေါ့နော်၊ ယန္တရားတွေကတော့ အားလုံးက ၄ စီးပေါ့၊ နယ်မြေခံစစ်ကြောင်းကနေပြီးမှ ကျနော်တို့ ဒီဘက်က မိုးကောင်းရဲစခန်းမှာလာပြီးတော့မှ ကျနော်တို့ အမှုဖွင့်ဆောင်ရွက်လျှက်ရှိပါတယ်၊ မိုးကောင်းရဲစခန်းကနေ သတ္တုတွင်းအက် ၃ဝ (က)နဲ့ လက်ရှိ ကျနော်တို့ အမှုဖွင့်အရေးယူနေတာဖြစ်ပါတယ်"
မိုးကောင်းမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဋ္ဌာနချုပ် ( စကခ-၃ ) လက်အောက်ခံတပ်တွေက အဲ့ဒီရှဒူးဇွပ်ကျေး ရွာတဝိုက်က တရားမဝင်ရွှေတွင်းတွေကို ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက နယ်မြေရှင်းလင်းခဲ့ရာမှာ ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံတပ်တွေနဲ့လည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
မိုးကောင်း၊ ဖားကန့်၊ တနိုင်းမြို့နယ်တွေနဲ့ ထိစပ်နေတဲ့ အဲ့ဒီဟူးကောင်းဒေသမှာ တရုတ်နိုင်ငံသား အပါအဝင် လုပ်ငန်းရှင်တချို့ဟာ ဒေသအာဏာပိုင်နဲ့ ကေအိုင်အေတို့ကို ငွေကြေးပေးပြီး ရွှေတူးဖော်လုပ်ကိုင်နေကြတာ လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်းကလည်း ဝိုင်းမော်မြို့နယ်အတွင်းမှာ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပါဝင်ပတ်သက်နေတဲ့ သစ်မှောင်ခိုဂိုဏ်းတွေကို အစိုးရတပ်မတော်က နယ်မြေရှင်းလင်းဖမ်းဆီးခဲ့ရာမှာ တရုတ်နိုင်ငံသား အယောက် တစ်ရာ့ငါးဆယ်ကျော်ကို မူးယစ်ဆေးဝါးတွေ၊ ယာဉ်စက်ယန္တရားတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။