တပ်မတော်ဆေးရုံတွေမှာ ပြည်သူတွေ ဆေးကုသနိုင်တယ်လို့ တပ်ထုတ်ပြန်
ပြည်သူတွေ ကျန်းမာရေးဆိုင်ရာအခက်အခဲတွေ ဖြစ်လာမယ်ဆိုရင် နီးစပ်ရာ တပ်မတော်ဆေးရုံတွေမှာ ဆေးကုသမှုခံယူနိုင်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဖေဖော်ဝါရီလ ၄ ရက်နေ့ ဒီနေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ဆရာဝန်ဘွဲ့အပ်နှင်းခဲ့စဉ်က ကတိသစ္စာတွေကိုလည်း စောင့်ထိန်းဖို့ လိုတယ်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောထားပါတယ်။
ရန်ကုန်မြို့နေ အထွေထွေရောဂါကုဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာကျော်စွာဦးက အာဏာရှင်ဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဆရာဝန်တွေဟာ ဆရာဝန်ကတိသစ္စာကို မစောင့်ထိန်းကြတာ မဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။
“ကျွန်တော်တို့က လူနာတွေကို ဆေးမကုပေးတာ မဟုတ်ဘူး။ စစ်အုပ်ချုပ်ရေး၊ စစ်အစိုးရကို လက်မခံတာ၊ လက်မခံနိုင်လို့ ကန့်ကွက်တာ၊ ကျွန်တော်တို့အနေနဲ့ ပြင်ပမှာရှိတဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ ကုပေးဖို့ ရှိတယ်။ ဒါက ဆရာဝန်ကတိသစ္စာကို ချိုးဖျက်တာမဟုတ်ဘူး။ ဘယ်သူ့ကိုမဆို ဆေးကုမှာ။ ဒါပေမဲ့ အခုလုပ်တဲ့ကမ်ပိန်းက စစ်အစိုးရကို ဆန့်ကျင်တဲ့လှုပ်ရှားမှုပါ။”
အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှုအနေနဲ့ ကျန်းမာရေးဝန်ထမ်းတချို့က စစ်အစိုးရလက်အောက်မှာ အလုပ် မလုပ်ဘူးဆိုပြီး အလုပ်ထွက်တာ၊ အလုပ်မသွားဘဲ နေတာတွေ ဆောင်ရွက်နေကြပါတယ်။
ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ တနသာၤရီ ၊ ချင်း၊ ရခိုင် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ဆေးရုံတချို့မှာ ဖဲကြိုးနီတပ်ပြီး အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို ကျန်းမာရေးဝန်ထမ်းတွေက လုပ်ဆောင်နေ ကြတာပါ။
နိုင်ငံတစ်ဝန်းက ပြည်သူတွေရဲ့ ကျန်းမာရေးအခက်အခဲတွေကို တပ်မတော်သား ဆေးတပ်ဖွဲ့ဝင်တွေ ပါဝင်ကူညီဖြေရှင်းနိုင်ဖို့ တပ်မတော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီထံ တင်ပြခဲ့တယ်လို့ ထုတ်ပြန် ပါတယ်။