မူဆယ်မှာ တပ်မတော်နဲ့ KIA တိုက်ပွဲဖြစ်
2020.06.07
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ထိန်းချုပ်ကာကွယ်ရေးအတွက် တပ်မတော်က အပစ်ရပ်ကြေညာထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ထဲမှာ ဇွန်လ ၆ ရက် မနေ့ညက ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ တပ်မတော်တို့ တိုက်ပွဲ နှစ်ကြိမ် ဖြစ်ခဲ့တာပါ။
တိုက်ပွဲဖြစ်တဲ့နေရာဟာ KIA တပ်မဟာ (၆) လက်အောက်ခံတပ်ရင်း (၉)တပ်ဖွဲ့တွေ အခြေချနေတဲ့ ထန်ဖာတောင်နဲ့ လယန်းကုန်းနေရာမှာ ဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားတာ မှန်ကန်ပေမယ့် ဘာကြောင့်ဖြစ်တယ်ဆိုတာနဲ့ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။
"တိုက်ပွဲဖြစ်တယ်ဆိုတာလောက်ပဲ ကြားပါတယ်၊ အောက်ခြေကတော့ ဘာမှ သတင်းမတက်သေးဘူး၊ စစ်ဘက်ဆိုင်ရာ သတင်းတွေကတော့ အခုထိတော့မတက်သေးဘူး၊ ဒါပေမဲ့ ဖြစ်တာကတော့ သေချာလောက်ပါပီ၊ အတည်ပြု ပြောလို့ရလောက်ပါပီ၊ ဒါပေမဲ့ ခုနကပြောသလိုပေါ့ တိုက်ပွဲ အခြေအနေတွေကတော့ မသိရသေးပါဘူး။"
အမည်မသိ တပ်မတော် စစ်ကြောင်းတစ်ကြောင်းက ဟူးဖြတ်ဘက်ကနေ KIA တပ်ရင်း (၉) နေရာကို ချီတက်လာတာကြောင့် တိုက်ပွဲဖြစ်တာဖြစ်ပြီး KIA ဘက်က ထိခိုက်သေဆုံးမှုမရှိဘူးလို့ KIA တပ်မဟာ (၆) အရာရှိတစ်ယောက်က ကချင်သတင်းဌာန Kachin News Group ကို ဖြေဆိုထားပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့
"ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် တပ်မတော်က ရခိုင်ဒေသကလွဲပြီး ကျန်တဲ့နေရာတွေမှာ မေလ ၁၀ ရက်ကနေ သြဂုတ်လကုန်အထိ အပစ်ရပ်ထားမယ်လို့ ထုတ်ပြန်ထားပြီး မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း ဇွန်လကနေ သြဂုတ်လကုန်အထိ အပစ်ရပ်ထားမယ်လို့ ထုတ်ပြန်ထားတာပါ။"
ဒါပေမဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက မြောက်ပိုင်းမဟာမိတ် လေးဖွဲ့ရှိတဲ့ ဒေသတွေမှာ တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားနေပါတယ်။
မနေ့ညက တိုက်ပွဲဖြစ်ပွားတယ်ဆိုတဲ့သတင်းလည်း မကြားရသေးဘဲ လူတွေရှိနေတဲ့နေရာမှာ မဖြစ်နိုင်ကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာက ဒေါ်ခွန်ဂျာက ပြောပါတယ်။
"ကျမတို့ကတော့ဘာမှမကြားဘူးရှင့်၊ မကြားဘူးဆိုတာက ကျမတို့က ဗန်းမော်ဘက်ဆိုတော့ မူဆယ်နဲ့က အဆက်အသွယ်ပြတ်နေတယ်၊ အခုပို့စ်တွေက အကုန်လုံးက မြို့ပေါ်မှာမဟုတ်ဘူးဆိုတော့ ကျမတို့လည်း မသိနိုင်ဘူးဖြစ်နေတယ်ရှင့်၊ ကြည့်ရတာ ပို့စ်က ရွာနားမှာ မရှိဘူးထင်တယ်၊ ဘာလို့လဲဆိုရင် ရွာသားတွေတစ်ယောက် မှပြောသံမကြားဘူးရှင့် အခုထိက၊ အဲဘက်မှာက အစုံရှိတယ်ဆိုတော့ ဘယ်ကဘယ်သူလဲမှန်းတောင်မသိဘူးရှင့် အဲဒါကျတော့၊ ရွာသားတွေကလည်း တိုက်ပွဲသံကြားတယ်ဆိုရင်တောင် ဒါဘယ်သူနဲ့ဖြစ်တယ်ဆိုတာ သိဖို့ခက်ပါတယ်။"
အပစ်ရပ်ထားတဲ့အဖွဲ့တွေရော မရပ်ထားတဲ့အဖွဲ့တွေရောရှိလို့ တိုက်ပွဲတွေ အချိန်မရွေးဖြစ်နိုင်တဲ့နေရာ ဖြစ်တယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
"အဲဘက်မှာကတော့ တော်တော်လေးရှုပ်ထွေးတဲ့နေရာ ဖြစ်နေတယ်၊ လက်နက်ကိုင်တဲ့ တပ်ဖွဲ့တွေလည်း အားလုံးကတော့ ဝိုင်းရှိနေတဲ့နေရာဖြစ်နေတယ်၊ အပစ်အခတ် ရပ်စဲရေးလုပ်ထားတဲ့ အဖွဲ့တွေရှိသလို မလုပ်ထားတဲ့အဖွဲ့တွေလည်း ရှိတယ်၊ ဆိုတော့ တိုက်ပွဲတွေကတော့ အချိန်မရွေးဖြစ်နိုင်တဲ့ နေရာဖြစ်တယ်လို့ ကျနော်ပြောလိုခြင်းဖြစ်ပါတယ်၊ အချိန်မရွေးဖြစ်နိုင်တယ်၊ အဲဒါကြောင့် ဘာဖြစ်လို့ဆိုတာကတော့ တော်တော်လည်းပြောဖို့ခက်ပါတယ် အဲ့နေရာမှာတော့။"
တပ်မတော်နဲ့ KIA တို့ အခုလိုတိုက်ပွဲပြန်ဖြစ်တဲ့ အခြေအနေကိုသိနိုင်ဖို့ တိုက်ပွဲဖြစ်ပွားရာဒေသက ဒေသခံတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၉ ခုနှစ် တစ်နှစ်အတွင်း တပ်မတော်နဲ့ TNLA တိုက်ပွဲပေါင်း ၁၅၂ ကြိမ် ရှိခဲ့သလို ကိုးကန့်၊ AA နဲ့ TNLA သုံးဖွဲ့ပေါင်းနဲ့ဖြစ်တဲ့ တိုက်ပွဲက ၅၆ ကြိမ်ရှိခဲ့ပြီး KIA၊ TNLA ပူးပေါင်းအဖွဲ့နဲ့ဖြစ်တဲ့ တိုက်ပွဲက ၁၁ ကြိမ်ရှိခဲ့တယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။