လေးလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၆၀ ခန့်သေဆုံး
2024.05.22

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ ဧပြီလအထိ လေးလအတွင်း နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၃၅၉ ဦး သေဆုံးပြီး ၇၅၆ ဦးဒဏ်ရာရတယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က မေလ ၂၂ ရက်မနေ့က ထုတ်ပြန်ပါတယ်။
ဒီလေးလအတွင်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ် ၈၁၉ ကြိမ်ရှိပြီး တစ်ရက်ကို ပျမ်းမျှ လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှု အများဆုံးလုပ်ခဲ့တဲ့ဒေသတွေကတော့ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့ဖြစ်ပြီး နိုင်ငံတစ်ဝန်း ဘာသာရေး အဆောက်အအုံ၊ စာသင်ကျောင်းနဲ့ ဆေးရုံအဆောက်အအုံ စုစုပေါင်း ၉၉ ခု ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း သုတေသနအဖွဲ့က ပြောပါတယ်။
ဒီအချက်အလက်တွေဟာ မြေပြင်တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ ထုတ်ပြန်ချက်တွေကို အခြေခံပြုစုထားတာလို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ပြောပါတယ်။
အာဏာသိမ်း သုံးနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်အရေအတွက် အများဆုံးဟာ ၂၀၂၄ ခုနှစ် လေးလတာကာလဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေလည်း တိုးလာနေတယ်လို့လည်း ဆိုပါတယ်။
အခုထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။
ပြီးခဲ့တဲ့ဧပြီလ ၂၀ ရက်က ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သား ခြောက်ဦးသေဆုံးခဲ့ပါတယ်။
မတ်လ ၃၁ ရက်နေ့ကလည်း ကရင်ပြည်နယ်၊ ဖာပွန်မြို့ ၊ အမှတ် ၂ ရပ်ကွက် မြို့မရွှေကျောင်း ဘုန်းတော်ကြီးကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ရဟန်းတစ်ပါး အပါအဝင် အရပ်သား ရှစ်ဦး သေဆုံးခဲ့တယ်ပါတယ်။
ဒါတွေဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက်သေဆုံးမှုတွေဖြစ်ပြီး အခုမေလထဲမှာလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိပါတယ်။