ဖြူးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး ကလေးတစ်ဦးဒဏ်ရာရ

RFA Burmese
2023.12.13
ဖြူးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး ကလေးတစ်ဦးဒဏ်ရာရ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညင်ဒိုင်းကျေးရွာနှင့် ငှက်ပျောတောကျေးရွာတို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မုန်းမြို့နယ်ဘက်သို့ ထွက်ပြေးလာသူများအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် တွေ့ရစဉ်။
KIC

ပဲခူးတိုင်း၊ ဖြူးမြို့နယ်အစပ် စစ်တောင်းမြစ်ဘေးက ရွာတွေကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အသက် ခြောက်ဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းမှာ အရပ်သားတွေနေထိုင်တဲ့ ကိုင်းတဲစု၊ ကညင်ဒိုင်းနဲ့ ငှက်ပျောတောရွာတွေကို တောင်ငူလေတပ်စခန်းက တက်လာတဲ့ ဂျက်တိုက်လေယာဉ်က လာရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ကိုင်းတဲ့စုရွာမှာနေထိုင်တဲ့ အသက် (၆၄) နှစ်အရွယ် ဒေါ်စန်းထွေး သေဆုံးခဲ့ပြီး၊ အသက်ရှစ်နှစ်အရွယ် မဂျူးဂျူးလှိုင်ကတော့ ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၁၃ ရက် ဒီနေ့မှာတော့ ဖြူးမြို့နယ် ညောင်ပင်သာရဲစခန်းကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ ပြန်လည်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ဖြူးမြို့နယ်နဲ့ နယ်မြေချင်းဆက်နေတဲ့ ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်တွေမှာတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လက်နက်ငယ် ပစ်ခတ်မှုကြောင့် ဒီဇင်ဘာ ၃ ရက်နေ့ ကနေ ၇ ရက်အထိ ငါးရက်အတွင်း အရပ်သားတစ်ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ကြီးမြို့နယ် မုန်းမြို့ပေါ်မှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မုန်းမြို့ပေါ်ရပ်ကွက်တွေအပါအဝင် ရွာပေါင်း (၈၅) ရွာက ဒေသခံ ခုနစ်သောင်းနီးပါး ထွက်ပြေးခဲ့ရတယ်လို့ ဒီဇင်ဘာ ၇ ရက် KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။