လေကြောင်းတိုက်ခိုက်ခံရတာကြောင့် မြင်းခြံဒေသခံ ၁၉ ဦးခန့် သေဆုံး

RFA Burmese
2025.01.26
လေကြောင်းတိုက်ခိုက်ခံရတာကြောင့် မြင်းခြံဒေသခံ ၁၉ ဦးခန့် သေဆုံး မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပြားရွာတွင် စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲသွားသည့်နေရာကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့က တွေ့ရစဥ်။
Facebook/ နွားထိုးကြီး-Journal

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ကျေးရွာကို ဇန်နဝါရီလ ၂၆ ရက်နေ့ မနက် ၈ နာရီမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၁၉ ဦးခန့် သေဆုံးကာ ဆယ်ဦးကျော် ထိခိုက်ဒဏ်ရာရထားတယ်လို့ မြင်းခြံမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက RFA ကို အတည်ပြု ပြောပါတယ်။

ဆင်းဂွတ်ကျေးရွာမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ရုံးနဲ့ အနီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ မိနစ်နှစ်ဆယ်ကျော် ပစ်ခတ်ခဲ့တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ် နှစ်ဦး၊ တောင်ယာသွားတဲ့ အရပ်သား လင်မယားနှစ်ဦးနဲ့ ရပ်ကျေး (ပ.ခ.ဖ) တာဝန်ခံ အမျိုးသားတစ်ဦးတို့ ပါဝင်ကြောင်းကိုသာ ကနဦးသိရသေးတယ်လို့ ဆိုပါတယ်။

"ပထမ ဂျက်ဖိုက်တာနဲ့ ပစ်တယ်။ ပြီးတော့ MI35 နဲ့ စက်လက် (စက်သေနတ်) နဲ့ လာပစ်သွားတာပါ။ ကလေးငယ်တွေ၊ တောင်ယာသွားတဲ့ မိသားစု လိုက်သေဆုံးတာတွေ ရှိတယ်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလည်း သေဆုံးတဲ့ အထဲပါပါတယ်"

လတ်တလော အခြေအနအရ သေဆုံးထိခိုက်သူတွေရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်တွေ မသိရသေးသလို သေဆုံးနိုင်တဲ့ အရေအတွက်လည်း ထပ်တိုးလာနိုင်တယ်လို့ သူကဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့ နေရာဟာ လတ်တလော တိုက်ပွဲဖြစ်ပွားနေတာမရှိသလို ဒဏ်ရာရသူတွေကို လိုအပ်တဲ့ ဆေးကုသမှုတွေ ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁,၇၆၉ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၃,၇၂၀ ဦး ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။