မြောက်ဦးမှာ စစ်ကောင်စီလေကြောင်းဗုံးကြောင့် လူငါးဦး သေ၊ ရှစ်ဦး ဒဏ်ရာရ

RFA Burmese
2024.03.21
မြောက်ဦးမှာ စစ်ကောင်စီလေကြောင်းဗုံးကြောင့် လူငါးဦး သေ၊ ရှစ်ဦး ဒဏ်ရာရ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် အထက်လေးညှင်းတောင်ကျေးရွာကို တွေ့ရစဉ်။
Citizen Journalist

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် အထက်လေးညှင်းတောင်ကျေးရွာကို စစ်ကောင်စီက မတ်လ ၂၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးငါးလုံး ကြဲချသွားတာကြောင့် ကလေး လေးဦး၊ အမျိုးသမီး တစ်ဦး၊ စုစုပေါင်း ငါးဦး သေဆုံးပြီး နောက်ထပ် အရပ်သားရှစ်ဦး ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အဲဒီရွာမှာ စစ်ဘေးရှောင်နေတဲ့ အသက် တစ်နှစ်အရွယ် ကလေးတစ်ဦး၊ သုံးနှစ်ရွယ် ကလေးတစ်ဦး၊ ၁၀ နှစ်ကျော်အရွယ် မိန်းကလေးနှစ်ဦးနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်ပြီး ရှစ်ဦး ဒဏ်ရာအပြင်းအထန်ရသွားတာပါ။

ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ ရွာထဲကို ဗုံးငါးလုံး ကြဲချသွားတာလို့ အထက်လေးညှင်းတောင်ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

"မနက် ၇ နာရီလောက်မှာ ရွာထဲကို ဗုံးငါးလုံး ကြဲချသွားတာပါ။ ကလေး လေးယောက်နဲ့ မိန်းမတစ်ယောက် ပွဲချင်းပြီးသေသွားတယ်။ ရှစ်ယောက်ကတော့ ဒဏ်ရာ အတော်ပြင်းထန်တယ်။ ခြေပြတ်၊လက်ပြတ် ဒဏ်ရာရသူတွေပါတယ်။ ဘာအကြောင်းမှ မရှိဘဲ ဒီအတိုင်းလာပြီး ဗုံးကြဲသွားတာပါ"

နေအိမ်သုံးလုံးလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီက တစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

RFA က ပြုစုထားတဲ့စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ တိုက်ပွဲစတင်တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ရက်နေ့ကနေ မတ်လ ၂၁ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ လေကြောင်းပစ်ခတ်မှုတွေ၊ မြေမြှုပ်မိုင်းတွေကြောင့် သေဆုံးတဲ့အရပ်သား နှစ်ရာကျော်နဲ့ ဒဏ်ရာသူ ငါးရာနီးပါးအထိ ရှိသွားပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။