မတ္တရာမြို့နယ်မှာ လေကြောင်းကဗုံးကြဲလို့ ကလေးတွေအပါအဝင် သုံးဦး သေဆုံး

RFA Burmese
2024.07.09
မတ္တရာမြို့နယ်မှာ လေကြောင်းကဗုံးကြဲလို့ ကလေးတွေအပါအဝင် သုံးဦး သေဆုံး မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အုတ်ဖိုလေးရွာသစ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်တစ်လုံးကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့တွင် တွေ့ရစဉ်။
Facebook/ Wetlet Informational Network

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အုတ်ဖိုလေးရွာသစ်ကို စစ်ကောင်စီတပ်က ဇူလိုင်လ ၉ ရက်နေ့မှာ လေကြောင်းကနေ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေ့လယ် ၁၂ နာရီကနေ ၁ နာရီအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်လုပ်ခဲ့ရာမှာ အရပ်သားတွေ သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ပထမတစ်ကြိမ်မှာ ကလေးငယ် ယောက်ျားလေးတစ်ဦး သေတယ်။ နောက် ဒုတိယတစ်ကြိမ်မှာ သားအမိ အမျိုးသမီးနှစ်ဦး သေသွားတယ်ဗျ။ နေအိမ် သုံးလုံးလည်း မီးလောင်ပျက်စီးသွားတယ်။ လေကြောင်းက ဒီတစ်ခေါက် တော်တော်ကြမ်းတယ်ဗျ၊ ရှောင်ချိန်တောင် မရလိုက်ဘူး”

လေကြောင်းကနေ ပစ်ခတ်ခံရပြီး နောက်ပိုင်း အုတ်ဖိုလေးရွာသစ်အပါအဝင် ရွာလေးရွာက ဒေသခံနှစ်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သူက ဆိုပါတယ်။

ဇူလိုင်လ ၇ ရက်နေ့ကလည်း မတ္တရာမြို့နယ်၊ ရုံးပင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

မတ္တရာမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က တပ်စခန်း ၂၅ ခုကို တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ ဇူလိုင်လ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၅ ရက်နေ့ကစလို့ "၁ဝ၂၇ စစ်ဆင်ရေး" နောက်ဆက်တွဲအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ လားရှိုးမြို့တွေနဲ့ မန္တလေးတိုင်းထဲက မတ္တရာ၊ စဥ့်ကူးနဲ့ မိုးကုတ်မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။