မဘိမ်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားခြောက်ဦးသေဆုံး
2024.04.03
ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ် မိုးလုံးရွာကို စစ်ကောင်စီတပ်က ဧပြီလ ၂ ရက်နေ့ ညနေပိုင်းမှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ရဟန်းတစ်ပါးနဲ့ ကလေးတွေအပါအဝင် အရပ်သားခြောက်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသွားသူတွေက အသက် ၄၆ နှစ်အရွယ် ဦးဇင်းခေမာဝံသ၊ ၅ နှစ်အရွယ် မောင်ဖူဆယ်၊ ၁၆ နှစ်အရွယ် မောင်လင်းခန့်နိုင်၊ အသက် ၂၇ နှစ်အရွယ် ကိုတိမ်ယံမိုး၊ အသက် ၃၆ နှစ်အရွယ် ကိုနိုင်ဝင်းချိုနဲ့ ၃၇ နှစ်အရွယ် ကိုချစ်ထွေးတို့ ဖြစ်ကြပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ မိုးလုံးရွာ ဘုန်းတော်ကြီးကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဂျက်ဖိုက်တာနဲ့ လာပစ်သွားတယ်။ ဘုန်းကြီးကျောင်းက ရေကန်ပေါ် တည့်တည့်ကျသွားတယ်။ ဦးဇင်းတွေရော လူတွေရော ခြင်းခတ်ပြီး ရေချိုးနေတဲ့အချိန်ပေါ့။ ဗုံးအလုံးက rocket နဲ့ပစ်သွားတာ။ ကျည်ရာတော့ အလုံး သုံးဆယ်ခန့် ကျည်ရာထင်သွားတယ်”
အခုလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ဆယ်လုံးခန့်လည်း ထိခိုက်ပျက်စီးသွားတယ်လို့ သူက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ အရပ်သားထိခိုက်မှုရှိခဲ့တယ်လို့ ပြောပါတယ်။
“အဲဒီနေရာက ကျွန်တော်တို့ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ ကျွန်တော်တို့ မရှိတဲ့နေရာပဲ သူတို့ ဘာရည်ရွယ်ချက်နဲ့ ပစ်တာလည်းတော့ မသိဘူး။ အရပ်သားတွေ ထိခိုက်မှုရှိတယ်ဆိုတာတော့ ကျွန်တော်တို့ ကြားသိရပါတယ်”
မဘိမ်းမြို့ကို ၂၀၂၄ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူထားပါတယ်။