ကျောက်ဖြူနဲ့ မြောက်ဦးမြို့နယ်တွေကို စစ်ကောင်စီတပ် လေကြောင်းသုံးဗုံးကြဲ
2024.04.19

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့နဲ့ အနီးတစ်၀ိုက်ကို ဧပြီလ ၁၈ ရက်နေ့က စစ်ကောင်စီက စစ်ရေယာဉ်နဲ့ရော လေကြောင်းကပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လူငါးထောင်ခန့် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ဖြူမြို့နယ် ဇင်ချောင်းမြစ်အတွင်းကိုရောက်နေတဲ့ စစ်ကောင်စီတပ်ရေယာဉ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် စနဲမြို့အပါအဝင် အနီးတစ်၀ိုက်မှာရှိတဲ့ တောင်မော်နဲ့ ကျောက်ဆည်ရွာက ဒေသခံတွေပါ ထွက်ပြေးခဲ့ရတာလို့ ကျောက်ဖြူဒေသခံက ပြောပါတယ်။
“ဟုတ်ပါတယ်။ လက်နက်ကြီးပစ်တာကတော့ စစ်ရေယာဉ်ကလည်း ပစ်ပါတယ်။ ဂျက်ဖိုက်တာတွေနဲ့လည်း လာပြီးတော့ ပစ်ပါတယ်။ မနေ့က ကျွန်တော် အဲဒီဘက်ကို ရောက်ခဲ့တဲ့အချိန်မှာတော့ စနဲမြို့ထဲကလူတွေက ရွာဘက်တွေကို ထွက်ပြေးနေကြတာတွေ့ပါ။ ခန့်မှန်းပြောရရင် စနဲမြို့ထဲက ရှစ်ဆယ်ရာခိုင်နှုန်း ပြေးသွားကြတယ်”
စနဲမြို့မှာ ရပ်ကွက်ငါးခုရှိပြီး ၂၀၂၀ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းတွေအရ လူဦးရေ ၄၅၀၀ ကျော် နေထိုင်ပါတယ်။
ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်တွေကိုလည်း စစ်ကောင်စီတပ်က ဧပြီလ ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီလ ၁၉ ရက် မနက်ပိုင်းက မြောက်ဦးမြို့နယ် ကျောက်ဆယ်ပြင်ရွာနဲ့ တောင်ဦးရွာအနီးက တောင်ကုန်းတွေကို ဂျက်တိုက်လေယာဥ်နဲ့ သုံးကြိမ် ကြဲချခဲ့တာလို့ မြောက်ဦးဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“မြောက်ဦးမြို့နယ် ကျောက်ဆည်ပြင်ရွာနဲ့ တောင်ဦးရွာ အရှေ့မြောက်ယွန်းယွန်းကို လာပြီးတော့ ကြဲချခဲ့တာ။ ဒီနေ့မနက်အစောကြီး ၇ နာရီ မထိုးခင်ကပါ။ လူအထိအခိုက် ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။ မနေ့ကလည်း ကျောက်တော်မြို့ အနောက်ဘက်ခြမ်းကို လာကြဲတယ်”
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်နေ့က တစ်ကျော့ပြန်စစ်ပွဲတွေ ဖြစ်ပွားလာပြီးနောက် ချင်းပြည်နယ်၊ ပလက်ဝနဲ့ ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ အစရှိတဲ့ မြို့ကိုးမြို့ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားပါတယ်။