ထန်တလန်မြို့ ၁၅ ကြိမ်ထက်မနည်း ဗုံးကြဲခံရ၊ ချင်းကာကွယ်ရေးအဖွဲ့ဝင် နှစ်ဦး သေဆုံး

RFA Burmese
2023.02.26
ထန်တလန်မြို့ ၁၅ ကြိမ်ထက်မနည်း ဗုံးကြဲခံရ၊ ချင်းကာကွယ်ရေးအဖွဲ့ဝင် နှစ်ဦး သေဆုံး ချင်းပြည်နယ်၊ ထန်တလန်မြို့အား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တွေ့ရစဉ်။
Salai Tial Hram Ling

ချင်းပြည်နယ်၊ ထန်တလန်မြို့ကို စစ်ကောင်စီလေတပ်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တာကြောင့် ချင်းကာကွယ်ရေး တပ်ဖွဲ့တွေဘက်က နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၁ ခုနှစ်ကတည်းက တိုက်ပွဲတွေကြောင့် ပျက်စီးနေတဲ့ ထန်တလန်မြို့ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလလယ်ကစလို့ နေ့တိုင်းလိုလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာလို့ ချင်းကာကွယ်ရေးအဖွဲ့တွေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မနေ့က (၁၅) ကြိမ်ထက်နည်း ဗုံးလာကြဲတော့ သူတို့မှာလည်း သေချာတာက အထိအခိုက်တော့ အတော်များများ ရှိမယ်လို့ ခန့်မှန်းလို့ရတာပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ဘက်က နှစ်ယောက်ကျသွားတယ်၊ အဲဒါကတော့ သေချာတယ်။ ရဲစခန်းကို ပြန်သိမ်းချင်လို့ လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ်လုပ်နေတာ"

သေဆုံးသူတွေဟာ ချင်းအမျိုးသားတပ်မတော် (CNA/CNF) နဲ့ ချင်းဒေသကာကွယ်ရေး တပ်ဖွဲ့ (CDF) တို့က တစ်ဦးစီဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ထန်တလန်မြို့ရဲစခန်းကို CNA နဲ့ CDF ထန်တလန် ပူးပေါင်းတပ်တွေ ဖေဖော်ဝါရီ ၈ ရက်က သိမ်းပိုက်ခဲ့ပြီးနောက် နေ့တိုင်းလိုလို လေကြောင်းတိုက်ခိုက်မှု ရှိနေသလို ဟားခါးမြို့ ဘက်ကနေလည်း ငါးမိနစ်တစ်ကြိမ် လက်နက်ကြီးနဲ့ ပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံက ဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက် ဒီနေ့မှာလည်း ထန်တလန်မြို့မှာ စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။

ထန်တလန်မြို့ ရဲစခန်းသိမ်းပိုက်ခံရတာကိုတော့ စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန် ဝန်ခံခဲ့ပြီး ပြန်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုထားပါတယ်။

ချင်းအမျိုးသားတပ်မတော် (CNA/CNF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကတော့ တစ်မြို့လုံးနီးပါးကို ချင်းကာကွယ်ရေးအဖွဲ့တွေက နယ်မြေစိုးမိုးထားနိုင်တယ်လို့ မီဒီယာတွေမှာ ဖြေဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။