ကယန်းပြည်သစ် လုံခြုံရေးဂိတ်အပါအဝင် ခြောက်နေရာ ဗုံးကြဲခံရ
2023.06.01

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ်အတွင်းက ကယန်းပြည်သစ်ပါတီ၊ ကယန်းပြည်သစ်တပ်မတော် (KNLP/KNLA) လုံခြုံရေးဂိတ်အပါအဝင် ကယန်းပြည်သစ် ထိန်းချုပ်နယ်မြေအတွင်းက နေရာ ခြောက်ခုကို စစ်ကောင်စီက ဇွန်လ ၁ ရက် ဒီနေ့မနက်မှာ လေကြောင်းကနေ ငါးကြိမ်အထိ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်နီစစ်ဘက်ရေးရာ သတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူ ခူးညေးရယ်က ပြောပါတယ်။
မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ်အတွင်းက ကယန်းပြည်သစ်ဂိတ်တချို့နဲ့ မြေနီကုန်း၊ စက်လှော်၊ လွိုင်လုံ၊ ခေါင်အိ စတဲ့ ကယန်း တိုင်းရင်းသားတွေနေထိုင်တဲ့ ကျေးရွာတွေအနီးကို ဒီမနက်လေးနာရီခွဲလောက်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ ခူးညေးရယ်က ပြောပါတယ်။
“ကယန်းပြည်သစ်ဂိတ်တွေကို ဗုံးနဲ့ကြဲသွားတာပေါ့နော်။ စခန်းတချို့ပျက်စီးသွားတယ်။ လူထိခိုက်မှုက ကျနော်တို့ အတိအကျမသိရသေးဘူ။ ပြီးခဲ့တဲ့ မေလ ၁၈ ရက်တုန်း ကလည်း ကယန်းပြည်သစ် ဥက္ကဋ္ဌအိမ်ကို ညနေငါးနာရီလောက်မှာ ဝင်စစ်တာရှိတယ်။ ပြီးတော့ ကယန်းပြည်သစ်ဌာနချုပ် ဆီဖူးဘက်မှာလည်း စစ်အင်အားတွေ ထပ်ဖြည့် နေလို့ အခြေအနေ မကောင်းဘူးဆိုတာမျိုးတော့ ကျွန်တော်တို့ သတင်းရထားတယ်”
ကယန်းပြည်သစ် လုံခြုံရေးဂိတ်တွေ ဒီမနက်မှာ လေကြောင်းကတိုက်ခိုက်ခံရတာ မှန်ကန်ကြောင်း မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း အတည်ပြုပြောဆိုပါတယ်။
စခန်းဂိတ်တွေကို တိတိကျကျ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်လို့ စစ်ကောင်စီဘက်က မှားယွင်းပစ်ခတ်တာမျိုးတော့ မဖြစ်နိုင်ဘူးလို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ကယန်းပြည်သစ်အဖွဲ့က သူ့ဂိတ်ရှိတဲ့နေရာတိုင်းကို စစ်ကောင်စီကို ပေးထားပြီး သားလို့ ကျွန်တော်တို့ ကြားထားတယ်လေနော်။ ဒါက မှားပြီးပစ်နိုင်လောက်တဲ့ အနေအထားတော့ မရှိဘူးလေနော်။ အပေါ်ကနေ လေယာဉ်ပေါ်ကနေ ကြဲချတယ် ဆိုတော့ ကျွန်တော်တို့အနေနဲ့တော့ တမင်တကာ ရည်ရွယ်ပြီးတော့ ကြဲချတဲ့ ပုံစံမျိုးဖြစ်နိုင်တယ်ပေါ့နော်။ နောက်ပြီး စစ်ကောင်စီနဲ့လည်း တင်းမာမှုတွေရှိနေတယ်လို့ ကြားထားတော့လေ”
အခုလို ကယန်းပြည်သစ် တပ်မတော် စခန်းတွေဗုံးကြဲတိုက်ခိုက်ခံရတဲ့ကိစ္စအတွက် စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
အလားတူ ကယန်းပြည်သစ်ပါတီဘက်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းမထုတ်ပြန်သေးပါဘူး။
ဗုံးကြဲတိုက်ခိုက်ခံရတဲ့နေရာတွေမှာ ကယန်းကျေးရွာတွေပါနေတဲ့အတွက် အရပ်သားတွေ ထိခိုက်မှုရှိနိင်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။ ဒါပေမဲ့ အဲဒီဒေသတွေဟာ လမ်းပန်းဆက်သွယ်ရေးနဲ့ ဖုန်းလိုင်းအခက်အခဲတွေရှိတာကြောင့် ထိခိုက်မှုအခြေအနေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုတော့ မရရှိသေးဘူးလို့လည်း ကိုဗညားက ပြောပါတယ်။
ကယန်းပြည်သစ်တပ်မတော်ကို ၁၉၆၄ မှာ ဖွဲ့စည်းခဲ့ပြီး ၁၉၉၄မှာ အစိုးရနဲ့ အပစ်ရပ်ခဲ့တာပါ။ ၂၀၀၉ မှာတော့ ဌာနေပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းခံခဲ့ရပြီး ဌာနချုပ်ဟာ ဖယ်ခုံမြို့နယ် ဆီဘူးကျေးရွာမှာ ရှိတာဖြစ်ပါတယ်။