လိုင်ဇာအနီး စစ်ကောင်စီတပ် လေကြောင်းသုံးတိုက်ခိုက်

RFA Burmese
2023.07.28
လိုင်ဇာအနီး စစ်ကောင်စီတပ် လေကြောင်းသုံးတိုက်ခိုက် KIA ဌာနချုပ် လိုင်ဇာအနီး နမ်ဆန်ယန်ရွာတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံတချို့အား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ကချင်ပြည်နယ်၊ ကေအိုင်အေ ဌာနချုပ် လိုင်ဇာနဲ့ ဆယ်မိုင်ခန့်အကွာ မိုးမောက်မြို့နယ် မဒီးယန်နဲ့ အောင်ဂျာရွာကြားမှာ ဇူလိုင်လ ၂၇ ရက်နေ့ ည ၁၀ နာရီကျော်လောက်က စစ်ကောင်စီက ဂျက်တိုက်လေယာဉ် နှစ်စင်းနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဒီးယန်နဲ့ အောင်ဂျာရွာကြားမှာ ကချင်လွတ်မြောက်တပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အခုလို လာရောက်ဗုံးကြဲတာလို့ ကေအိုင်အေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့ နေ့လယ်က ခြေကျင်စစ်ကြောင်းထိုးလာတဲ့ စစ်တပ်အဖွဲ့ကို ကေအိုင်က စောင့်တိုက်တာ တော်တော်အထိ နာသွားတယ်လို့ ကြားတယ်။ စစ်တပ်အဖွဲ့ကလည်း ပြန်ထွက်လို့လည်းမရ၊ တက်လို့လည်းမရ ပိတ်မိနေပေါ့။ အဲဒါကို လမ်းလာရှင်းပေးတဲ့ သဘောနဲ့ ဗုံးလာကြဲသွားတာ”

ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကေအိုင်အေဘက်က ထိခိုက်သေဆုံးတာ မရှိဘူးလို့ ဒေသခံတွေက ပြောပေမယ့် ဒီပြောဆိုချက်အပေါ် RFA အနေနဲ့ သီးခြားအတည်မပြု နိုင်သေးပါဘူး။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဗန်းမော်မြို့ကနေ နမ်ဆန်ယန်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဇူလိုင် ၂၇ ရက်နေ့ နေ့လယ်လောက်က မဒီးယန်နဲ့ အောင်ဂျာရွာကြားမှာ ကေအိုင်အေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာကနေ အချိန် ၅ နာရီ ဝန်းကျင်လောက် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကေအိုင်အေ သတင်းနဲ့ ပြန်ကြာရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

ကေအိုင်အေ ဌာနချုပ်နဲ့ ငါးမိုင်ခန့်ဝေးတဲ့ နမ်ဆန်ယန်ရွာဘက်မှာ ကေအိုင်အေနဲ့ စစ်ကောင်စီတပ်တို့ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းလောက်ကစလို့ ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေတာပါ။

စစ်ကောင်စီတပ်ဘက်က နမ်ဆန်ယန်ရွာအနီးတစ်ဝိုက်နဲ့ လိုင်ဇာဘက်ကို ချိန်ရွယ်ပြီး လက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။