လေကြောင်းတိုက်ခိုက်မှုကြောင့် ဒီးမော့ဆိုက ဒေသခံ သုံးဦး ဒဏ်ရာရ

RFA Burmese
2023.07.05
လေကြောင်းတိုက်ခိုက်မှုကြောင့် ဒီးမော့ဆိုက ဒေသခံ သုံးဦး ဒဏ်ရာရ လေကြောင်းတိုက်ခိုက်ခံရသည့် ဒီးမော့ဆို အနောက်ဘက်အခြမ်း စစ်ဘေးဒုက္ခသည် စခန်းအား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က တွေ့ရစဉ်။
Karenni Human Rights Group

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် လိုပူရွာမှာ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့လို့ အသက်နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် မိသားစုဝင် သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့တည်ထောင်သူ ကိုဗညားက ပြောပါတယ်။

ကလေးငယ်ဟာ ဦးခေါင်းမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကိုဗညားက ပြောပါတယ်။

“လေယာဉ်က မနက်နှစ်နာရီလောက်မှာ လာပြီးဗုံးကြဲတာပေါ့နော်။ ဗုံးသုံးလုံးကြဲတယ် အဲဒီမှာ စစ်ရှောင်စခန်းမှာရှိတဲ့ စာသင်ကျောင်းပေါ်ကိုလည်း ကျတယ်ပေါ့နော်။ အခုထိသွားတာ နှစ်နှစ်အရွယ် ကလေးကကျတော့ ဦးခေါင်းထိသွားတော့ ဒဏ်ရာပြင်းထန်တယ်လို့ ပြောရမယ်”

နောက်ထပ် ဒဏ်ရာရသွားတဲ့ အမျိုးသားက အသက် ၂၇ နှစ်အရွယ်ဖြစ်ပြီး အမျိုးသမီးကတော့ အသက် ၃၀ အရွယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့ လိုပူကျေးရွာအနီးမှာ ဒုက္ခသည်စခန်း ခုနစ်ခုရှိပြီး လူဦးရေ ၂၅၀၀ ဝန်းကျင်လောက် နေထိုင်ပါတယ်။

ဒါနဲပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူ ဦးအောင်ဝင်းဦးကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ကယားပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းမြို့နယ်အတွင်းမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၈ ဦးအထိ သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။