မြောင်မှာ နှစ်ရက်ဆက် ဗုံးကြဲခံရပြီး တစ်ဦး သေ၊ နှစ်ဆယ်နီးပါး ဒဏ်ရာရ

RFA Burmese
2024.11.14
မြောင်မှာ နှစ်ရက်ဆက် ဗုံးကြဲခံရပြီး တစ်ဦး သေ၊ နှစ်ဆယ်နီးပါး ဒဏ်ရာရ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မြစ်သာရွာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်းဆောင်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဥ်။
Citizen Photo

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ရွာသုံးရွာကို နိုဝင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီး တစ်ဦး သေဆုံးပြီး နောက်ထပ် လူနှစ်ဆယ်နီးပါး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကျီးဘုတ်၊ မြစ်သာနဲ့ ဆူးလေကုန်းရွာတွေကို စစ်ကောင်စီက တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

နိုဝင်ဘာလ ၁၃ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က မြစ်သာနဲ့ ဆူးလေကုန်းရွာတွေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒီဖြစ်စဥ်ကိုသိတဲ့ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"မြစ်သာ စာသင်ကျောင်းကို ပေါင် သုံးရာလောက် ဗုံးနှစ်လုံး ကြဲသွားတာ။ ရော့ကတ်နဲ့လည်း ပစ်တယ်။ ကျောင်းဆောင် နှစ်ဆောင် ပျက်စီးသွားတယ်။ လူ ၁၂ ယောက် ဒဏ်ရာရတယ်။ မြစ်သာမှာ ဒီလိုဖြစ်တော့ ဆူးလေကုန်းဘက်ကို ပြေးကြတဲ့သူတွေကို လေကြောင်းနဲ့ နောက်တစ်ခါလာပြီး ပစ်သေးတာ။ အဲဒီမှာ တစ်ယောက် ဒဏ်ရာရပြီး အိမ်တစ်လုံး မီးလောင်တယ်။ ဒဏ်ရာရတာတွေကတော့ လက်ပြတ်တာ၊ ခြေပြတ်တာတွေရှိတယ်"

ဗုံးကြဲတိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းဟာ တန်ဆောင်တိုင်ကာလ ကျောင်းပိတ်ထားတာဖြစ်လို့ ကလေးတွေ ထိခိုက်တာမရှိဘူးလို့ သူက ပြောပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့ နေ့လယ်ပိုင်းကလည်း မကျီးဘုတ်ရွာအနီးကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ခုနစ်ဦး ဒဏ်ရာရပြီး အဲဒီထဲက တစ်ဦး နောက်ရက်မှာ သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ကြက်သွန်စိုက်နေရာကနေ လေယာဥ်ကြီး ထိုးချလာလို့ဆိုပြီး ကြက်ခြံဘက်ကို ပြေးလိုက်တာ။ ဟိုက ကြက်ခြံကို ထုလိုက်တာ။ မိန်းကလေးတွေချည်း ခုနစ်ဦး ထိတာ။ တအောင့်လောက်နေတော့ ရွာထဲက ပြည်သူတွေက လာကယ်ထုတ်တဲ့အချိန် ဂျက်ဖိုက်တာနဲ့ ထပ်လာကြဲတာ။ အဲဒါကျတော့ ပြည်သူတွေက လာတာမြင်တော့ ပတ်ပြေးလို့ လွတ်တာ။ ကံကောင်းတာဗျ။ နောက်တစ်ခါကြဲတာ လူအုပ်ကြီးက ပိုများတယ်။ ဒဏ်ရာရတဲ့ ခုနစ်ဦးထဲက တစ်ဦးက နောက်ရက်မှာ အသက် ၄၀ လောက်အရွယ် တစ်ယောက် ဆုံးတယ်"

လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ရွာတွေက ဒေသခံတချို့ကတော့ လေကြောင်းတိုက်ခိုက်တာ ထပ်ဖြစ်မှာကို စိုးရိမ်တာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ကလည်း မြောင်မြို့နယ်၊ ဇရပ်ကုန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ခုနစ်ဦး သေဆုံးပြီး ဆယ်ဦးခန့် ဗုံးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်ဝါရီလကနေ အောက်တိုဘာလကုန်အထိ ဆယ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၅၄၀ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာလ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။