လေကြောင်းနဲ့လက်နက်ကြီးကြောင့် အရပ်သား လေးဆယ်ကျော်သေဆုံးကြောင်း TNLA ထုတ်ပြန်

RFA Burmese
2024.07.06
လေကြောင်းနဲ့လက်နက်ကြီးကြောင့် အရပ်သား လေးဆယ်ကျော်သေဆုံးကြောင်း TNLA ထုတ်ပြန် ၁ဝ၂၇ စစ်ဆင်ရေး ၁၂ ရက်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် ပျက်စီးသွားသည့် အဆောက်အဦအား TNLA က ၂၀၂၄ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ထုတ်ပြန်ထားစဉ်။
PSLF/TNLA News

တစ်ကျော့ပြန် ၁ဝ၂၇ စစ်ဆင်ရေး ၁၂ ရက်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုးမိတ်၊ လားရှိုးနဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွေမှာ စစ်ကောင်စီတပ် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၄၄ ဦး သေဆုံးပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ဇူလိုင်လ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဇွန် ၂၅ ရက်နေ့ကစပြီး ၁၂ ရက်အတွင်း အရပ်သားလေးဆယ်ကျော် သေဆုံးခဲ့တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက RFA ကို ပြောပါတယ်။

"အရပ်သားထိခိုက်မှုကတော့ ဒီ ၁၂ ရက်တာပေါ့ ဇွန်လ၂၅ ကနေ့ စပြီးတော့ ဒီနေ့အထိ အရပ်သားသေဆုံးမှုကတော့ ၄၄ ဦးရှိပြီးတော့ ထိခိုက်ဒဏ်ရာရတာက ငါးဆယ်ကျော်ရှိပါတယ်။ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ် တစ်ကြောမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်"

TNLA စာရင်းအရ စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးသူ အများဆုံးက ကျောက်မဲမြို့နယ်မှာဖြစ်ပြီး သေဆုံးသူ ၁၇ ဦးနဲ့ ဒဏ်ရာရသူ ၂၇ ဦး ရှိပါတယ်။ လက်ရှိ စစ်ဆင်ရေး ၁၂ ရက်အတွင်း စစ်ကောင်စီတပ် စခန်းပေါင်း ၃၄ ခုကို သိမ်းယူထားတယ်လို့လည်း လွေးယေဦးက ပြောပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဒီတိုက်ပွဲကာလအတွင်း ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအပါအဝင် နေအိမ် (၇၀) ကျော် ထိခိုက်ပျက်စီးခဲ့သလို ဒေသခံ သုံးသောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ TNLA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲအတွင်း အရပ်သားတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့လည်း TNLA က ပြောဆိုထားပါတယ်။

လတ်တလော မိုးကုတ်မြို့နယ် အနောက်ပိုင်းကို TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားပြီး မိုးကုတ်အရှေ့ပိုင်းမှာတော့ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။