အသုတ်မြို့ NLD ရပ်ကျေးဥက္ကဋ္ဌ ဖမ်းခံရပြီး လေးရက်အကြာမှာသေဆုံး
2023.09.05

ဧရာဝတီတိုင်း၊ အသုတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ရပ်ကျေးဥက္ကဋ္ဌ ဦးအောင်မြင့်စိုးဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရပြီး လေးရက်အကြာမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ်လ ၃၀ ရက်နေ့က ဦးအောင်မြင့်စိုး အပါအဝင် ဒေသခံဆယ်ဦးခန့်ကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဖမ်းဆီးပြီး လေးရက်အကြာ စက်တင်ဘာ ၃ ရက်နေ့ မနက်ပိုင်းမှာ ဦးအောင်မြင့်စိုး သေဆုံးသွားကြောင်း စစ်ကောင်စီတပ်က မိသားစုထံ အကြောင်းကြားလာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အသုတ်ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
"ဩဂုတ်လ ၃၀ ရက်နေ့ညနေပိုင်းက အသုတ်ရဲစခန်းမှူးနဲ့ တပ်သားတွေ လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း ဗုံးပစ်ခံရတာ။ အဲဒီနေ့ညပိုင်းမှာပဲ နေအိမ်တွေမှာ ဝင်ဖမ်းခံရတာ။ လေးရက်မြောက်နေ့ကျတော့ ဦးအောင်မြင့်စိုး ရောဂါအခံကြောင့် ဆုံးသွားပြီလို့ အသုတ်ရဲစခန်းက မိသားစုကိုပြောလာတယ်။ စဉ်းစားကြည့်လေ ဖမ်းသွားတုန်းက ဒေါင်ဒေါင်မြည်နေတဲ့ လူကောင်းကြီးက ရောဂါအခံကြောင့် ဆုံးတယ်ဆိုတာ ဘယ်လိုမှ ယုံစရာမရှိပါဘူး"
ဦးအောင်မြင့်စိုးရဲ့ ရုပ်အလောင်းကို မိသားစုက သင်္ဂြိုဟ်ခွင့်မရသလို နာရေးကိစ္စကိုလည်း အကျဉ်းချုံးလုပ်ဖို့ စစ်ကောင်စီတပ်ဘက်က မိသားစုဝင်တွေထံ ပြောဆိုထားတယ်လို့ ဆိုပါတယ်။
အသက်လေးဆယ်ခန့်အရွယ် ဦးအောင်မြင့်စိုးဟာ အရင်က NLD ပါတီရဲ့ ရပ်ကျေးဥက္ကဋ္ဌဖြစ်ခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးနဲ့ ကင်းကင်းရှင်းရှင်း နေထိုင်သူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာလ ၄ ရက်နေ့အထိ စာရင်းအရ စစ်အာဏာသိမ်း နှစ်နှစ်ခွဲကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်းက ပြည်သူ ၄,၀၃၅ ဦး သေဆုံးခဲ့ပြီး ၂၄,၆၇၄ ဦး ဖမ်းဆီးခံထားရပါတယ်။