တစ်လအတွင်း နိုင်ငံတစ်ဝန်း ဖမ်းဆီးခံရသူ ရာနဲ့ချီရှိ
2023.06.27

ဇွန်လအတွင်း နိုင်ငံတစ်ဝန်းဖမ်းဆီးခံရသူ ၁၄၀ ဦးရှိခဲ့ပြီး အဲဒီထဲမှာ စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ခုခံတော်လှန်နေတဲ့ စစ်ကိုင်းတိုင်းအတွင်း ဖမ်းခံရသူ (၄၆) ဦးရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇွန်လ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီတစ်လအတွင်း တစ်နိုင်ငံလုံးမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့သူတွေထဲမှာ အမျိုးသမီး (၂၃) ဦး၊ အမျိုးသား (၁၁၇) ဦး၊ စုစုပေါင်း (၁၄၀) ဦးရှိခဲ့တယ်လို့ AAPP စာရင်းတွေမှာ ဖော်ပြပါတယ်။
ဒီစာရင်းတွေဟာ ဇွန်လ ၁ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ AAPP က ရရှိထားတဲ့ စာရင်းတွေဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတရားရုံးတွေကနေ ရာဇသတ်ကြီးဥပဒေ၊ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မတွေနဲ့ မတရားထောင်ချခဲ့သူ စုစုပေါင်း ၈၁ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီလအတွင်း ထောင်ချခံရသူ အမျိုးသမီး (၁၅) ဦး၊ အမျိုးသား (၆၆) ဦး ရှိခဲ့ပြီး စစ်ကိုင်းတိုင်းက အယောက် ၇၀ နဲ့ အများဆုံးထောင်ချခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီအထဲမှာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသူ လေးဦးပါဝင်ပါတယ်။
စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂ဝ၂၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့အထိ ဖမ်းဆီးခံရသူ နှစ်သောင်းသုံးထောင်ခြောက်ရာကျော် (၂၃,၆၂၉) ရှိတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူက လေးထောင့်သုံးရာကျော် (၄၃၅၆) ဦးရှိတယ်လို့ AAPP စာရင်းတွေမှာ ဖော်ပြပါတယ်။
အာဏာသိမ်းပြီးနောက် သေဒဏ်ချမှတ်ခံထားရသူက (၁၅၇) ဦး ရှိပြီလို့ AAPP က ထုတ်ပြန်ထားပါတယ်။