မောင်တောဒေသခံတွေ မြို့ကနေ အမြန်ဆုံးထွက်ခွာဖို့ AA သတိပေး
2024.06.16
ရခိုင်ပြည်နယ်၊ မောင်တောမြို့နဲ့ မြို့ပတ်ဝန်းကျင်မှာ ကျန်ရှိနေတဲ့ စစ်ကောင်စီ စခန်းအားလုံးကို ရက္ခိုင့်တပ်တော် (AA) ထိုးစစ်ဆင်တိုက်ခိုက်တော့မှာဖြစ်တာကြောင့် မောင်တောမြို့ခံတွေ မြို့ကနေ အမြန်ဆုံးထွက်ခွာကြဖို့ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က အသိပေးကြေညာချက် ထုတ်လိုက်ပါတယ်။
စစ်ကောင်စီက မောင်တောမြို့ကို စစ်စခန်းအနေနဲ့အသုံးပြုပြီး မြို့ပြစစ်ဆင်ရေးဆောင်ရွက်ဖို့ ပြင်ဆင်ထားတာကြောင့် ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်သွားမှာလို့ ဇွန်လ ၁၆ ရက်နေ့က အသိပေးကြေညာချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။
ဒါကြောင့် စစ်ကောင်စီစခန်းအခြေချရာ တိုက်တာအဆောက်အအုံတွေမှာ ဒေသခံတွေ အတူပူးတွဲမနေထိုင်ကြဖို့လည်း သတိပေးပြောဆိုထားပါတယ်။
မောင်တောမြို့မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းအားလုံးကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းယူထားပြီး ကျန်ရှိနေတဲ့ စခန်းအားလုံးနီးပါးကို ဖြတ်တောက်ပိတ်ဆို့ထားနိုင်ပြီလို့လည်း အဲဒီထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့က တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။