AA အဖွဲ့ကို မတရားသင်းနဲ့ အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရကြေညာ


2020.03.23

ရက္ခိုင့်တပ်တော် AA နဲ့ သူ့ရဲ့နိုင်ငံရေးဦးဆောင်အဖွဲ့ ဖြစ်တဲ့ ULA တို့ကို အစိုးရက မတရားသင်း အဖြစ်ရော အကြမ်းဖက်အဖွဲ့အဖြစ်ပါ သတ်မှတ်တဲ့အကြောင်း ပြည်ထဲရေးဝန်ကြီး လက်မှတ်ထိုးပြီး မတ်လ ၂၃ ရက်ညမှာ ကြေညာလိုက်ပါတယ်။

AA အဖွဲ့ရဲ့လုပ်ရပ်ဟာ အများပြည်သူ တည်ငြိမ်အေးချမ်းရေးကို အနှောက်အယှက်ဖြစ်စေတယ်လို့ သမ္မတက ယုံကြည်ယူဆတဲ့အတွက် မတရားသင်း အက်ဥပဒေပုဒ်မ (၁၆) အရ ကြေညာတာဆိုပြီး ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က လက်မှတ်ထိုး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်ထဲရေးဝန်ကြီး ဦးဆောင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆ ပုဒ်မခွဲ (င) အရ ပြည်ထောင်စုအစိုးအဖွဲ့ရဲ့ သဘောတူညီချက်နဲ့  AA/ULA ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်ပါတယ်။

AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့... ဒီလိုကြေညာတာဟာ တိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့ ပြဿနာကို နိုင်ငံရေးအရဖြေရှင်းမယ်ဆိုတဲ့ မူဝါဒ မြန်မာအစိုးရမှာမရှိဘူး ဆိုတာကို ဖော်ပြနေတယ်လို့ တုံ့ပြန်လိုက်ပါတယ်။

AA လက်နက်ကိုင်တပ်ဖွဲ့ကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဗိုလ်မှူးချုပ်ညိုထွန်းအောင် ဦးဆောင်ပြီး ၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ် KIA ဌာနချုပ် လိုင်ဇာမှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်ရွေးကောက်ပွဲအနိုင်ရ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေနဲ့ နိုင်ငံရေးဆွေးနွေးပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ လုပ်ကိုင်ခဲ့ကြပါတယ်။

ဒါပေမယ့်၊ AA ရက္ခိုင့်တပ်တော်အပါအဝင်၊ TNLA တအာန်းလွတ်မြောက်ရေးတပ်နဲ့ MNDAA ကိုးကန့်တပ်တို့ကို ဆွေးနွေးပွဲမယ့် အဖွဲ့တွေထဲ မထည့်ခဲ့တဲ့အတွက် အဲဒီအဖွဲ့တွေအနေနဲ့ နိုင်ငံရေးအရ တန်းတူမှု မရဘူးလို့ ယူဆပြီးနောက် မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ကြပါတယ်။

အဲဒီနောက် AA/TNLA နဲ့ MNDAA တို့က "မြောက်ပိုင်းမဟာမိတ်အဖွဲ့" ဆိုပြီး စစ်အင်အား တိုးချဲ့တည်ဆောက်ခဲ့ကြတာ တွေ့ရပါတယ်။

၂၀၁၈ ဒီဇင်ဘာလကစပြီး AA ရက္ခိုင့်တပ်တော်က ရခိုင်ပြည်နယ်မှာ အခြေချဖို့ ကြိုးပမ်းလာခဲ့ပြီးနောက် မြန်မာ့တပ်မတော်နဲ့ AA တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပြီး၊ လက်ရှိ ၂၀၂၀ ခုနှစ် ပထမသုံးလအတွင်း တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။