ရခိုင်နဲ့ ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား
2015.12.29

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အရှေ့ဘက် ရမ်းချောင်းတောင်အနီးတစ်ဝိုက်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့် တပ်မတော်(AA) တို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့ကနေ ဒီနေ့အထိ ၃ ရက်ဆက်တိုက် တိုက်ပွဲတွေဖြစ်ပွားနေ ပါတယ်။
တိုက်ပွဲတွေကြောင့် အစိုးရတပ်မတော်ဘက်က ၃ ဦးဒဏ်ရာရရှိခဲ့ပြီး ရက္ခိုင့် တပ်မတော် (AA) ဘက်က အဖွဲ့ဝင်တစ်ဦး ရဲ့ရုပ်အလောင်းကို ဒီနေ့ သိမ်းဆည်း ရမိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ တပ်မတော် အရာရှိတစ်ဦးက ပြောပါတယ်။
အစိုးရတပ်မတော်ဘက်က ဒဏ်ရာရရှိခဲ့တဲ့ တပ်မတော်သား ၃ ဦးကို စစ်တွေမြို့ တပ်နယ်ဆေးရုံကို ဒီနေ့မနက်က ပို့ဆောင်ထားပြီး ရက္ခိုင့်တပ်မတော် (AA) ရဲ့ လက်နက်တချို့ကို အစိုးရတပ်မတော်ဘက်က သိမ်းဆည်းရမိခဲ့ တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်ရက်ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေဟာ မနက်ကနေ ညအထိ ကြာမြင့်ပြီး အစိုးရတပ်မတော်ဘက်က အရာရှိတွေအပါအဝင် ၂၁ ဦးကျဆုံးခဲ့ပြီး ၃၀ ကျော်လောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ရက္ခိုင့်တပ်မတော် (AA) ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဒီနေ့ ရေးသားထားပါတယ်။
နှစ်ဘက်တိုက်ပွဲဖြစ်ပွားနေတဲ့နေရာဟာ ကျောက်တော်မြို့နယ် မဟာမြတ်မုနိဘုရားကြီး ရဲ့ အရှေ့မြောက်ဘက် ၄ မိုင်လောက်အကွာမှာဖြစ်တယ်လို့လည်း သိရပါတယ်။
အစိုးရတပ်မတော်က စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း စတဲ့ မြို့နယ်တွေက တပ်ရင်းပေါင်း ၂၀ လောက်နဲ့ အင်အားသုံးတိုက်ခိုက် နေတာဖြစ်တဲ့ အတွက် နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်ဖွယ် ရှိတယ်လို့လည်း ရေးသားထားပါတယ်။
ဒီအတောအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်စံကျေးရွာနဲ့ ပိန်းစင့်ရွာအဝင်လမ်းခွဲမှာ ရှမ်းပြည်တောင်ပိုင်း တပ်မတော် RCSS/SSA တပ်တွေနဲ့ တအာင်း (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLAတပ်တွေ ဒီနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲကြောင့် နှစ်ဖက်ကျဆုံးမှုရှိတယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA သတင်းနဲ့ ပြန် ကြားရေးတာဝန်ခံ ဗိုလ်ကြီး မိုင်းအိုက်ကျော် က ပြောပါတယ်။
"တစ်ဦးတော့ကျဆုံးသွားတယ်၊ ရန်သူနဲ့ ပစ်ခတ်မှုတော့ရှိတယ်၊ တိုက်ပွဲတွေ ဆက်ဖြစ်နိုင်တဲ့ အနေအထားရှိတယ်"
အဲဒီတိုက်ပွဲကြောင့် မိုးကုတ်-ကျောက်မဲလမ်းပိုင်းကို ယာယီပိတ်ထားခဲ့ရတယ်လို့ ကျောက်မဲဒေသခံတွေ က ပြောပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလက နမ့်ခမ်းမြို့နယ်အတွင်း RCSS/SSA နဲ့TNLA တို့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၄၀၀ နီးပါး ရှိခဲ့ပြီး ဒီဇင်ဘာလ ၁၆ရက်နဲ့ ၁၉ရက်နေ့က ကျောက်မဲမြို့နယ် ညောင်ပန်လှကျေးရွာ နားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲတွေ ရပ်ဆိုင်းနိုင်ရေးအတွက် နှစ်ဖက်ခေါင်းဆောင်တွေ တေ့ွဆုံဆွေးနွေးသွား မယ်လို့ RCSS/SSA အဖွဲ့ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပတဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။