ကပရ ဝန်ထမ်း ၁၆ ဦးကို AA ပြန်လွှတ်
2020.01.01

ရခိုင့်တပ်တော် AA က အောင်တံခွန် ရေယာဉ်ပေါ်ကနေ မနေ့က ဖမ်းဆီးသွားတဲ့ ကုန်းလမ်းပို့ဆောင်ရေး (ကပရ) ယာဉ်မောင်းဝန်ထမ်း ၁၆ ဦးကို ဒီနေ့မနက်က ပြန်လွှတ်ပေးလိုက်ပါတယ်။
စစ်ဘက်နဲ့ တိုက်ရိုက်မသက်ဆိုင်သူတွေကို ပြန်လွှတ်ပေးတာဖြစ်ကြောင်း တကယ်လို့ ခရီးသွားမယ်ဆိုရင် ရခိုင့်တပ်တော်ကို အသိပေးပြီးမှ သွားလာရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြန်လွှတ်ပေးလိုက်သူတွေကို ဘူးသီးတောင်မြို့နယ် သေကံကျေးရွာစာသင်ကျောင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖတွေထံကို ဒီနေ့ မနက် ၈ နာရီမထိုးခင်မှာ လွှဲပေးခဲ့တာဖြစ်ကြောင်း AA အဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံက ပြန်ဝင်လာမယ့် ဒုက္ခသည်တွေကို လက်ခံမယ့်စခန်းမှာ သယ်ယူပို့ဆောင်ရေး ယာဉ်တွေ မောင်းဖို့ ကုန်းလမ်းပို့ဆောင်ရေး (ကပရ) ဝန်ထမ်း ၁၈ ဦး မနေ့က စစ်တွေကနေ ဘူးသီးတောင်ကို အောင်တံခွန် (၇) ရေယာဉ်နဲ့ သွားခဲ့တာဖြစ်ပါတယ်။
စစ်တွေ-ဘူးသီးတောင် အသွား ရသေ့တောင်မြို့နယ် စဖိုကျွန်းနဲ့ အုတ်ဖိုကျေးရွာကြားမှာ ရေယာဉ်ကိုရပ်တန့်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။
အဲဒီထဲက ဝန်ထမ်း ၁၆ ဦးကို ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာအနီးမှာ AA တပ်ဖွဲ့ဝင် အင်အား ၇၀ လောက်က ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် တောင်ဘဇာနယ်မြေကိုသွားတဲ့ လူဝင်မှု ကြီးကြပ်ရေးအရာရှိ သုံးဦးကို AA အဖွဲ့က ဖမ်းဆီးသွားခဲ့ပြီး ဒီနေ့အထိ ပြန်မလွှတ်သေးပါဘူး။